MySport Myanmar

မန်ယူလူငယ်ကြယ်ပွင့် ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုက ၂၀၂၀ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်ရဲ့ လူငယ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၄၇၅၀၀၀နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အသင်းတွေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာပဲ နည်းပြ တန်ဟက်ဂ်ရဲ့ ဖိတ်ခေါ်မှုနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကြီးဆီ ရောက်လာခဲ့ပါတယ်။

 

Photo Credit: Marca

ဂါနာချိုက တောင်ပံတိုက်စစ်နဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ နာမည်ကြီးအသင်းတွေက မန်ချက်စတာ ယူနိုက်တက်နဲ့ ဂါနာချိုတို့ရဲ့ စာချုပ်သစ် ဆွေးနွေးမှု အခြေအနေကို စောင့်ကြည့်နေကြပြီး အကယ်၍ ဂါနာချိုကသာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ တွန့်ဆုတ်နေမယ် ဆိုရင် ဂါနာချိုကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အကယ်၍ ဂါနာချိုက သူတို့အသင်းဆီ ပြောင်းလာဖို့ စိတ်ကူးရှိနေမယ် ဆိုရင် မကြာခင်မှာပဲ ဂါနာချို အတွက် ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ကြောင်း သိရပါတယ်။

ဂါနာချိုနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ဂါနာချိုကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။

Exit mobile version