စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းကို ပြောင်းရွှေ့ဖို့ဟာ အိမ်မက်တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထားတဲ့ မန်ယူအသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာထက် သူ့ရဲ့ အသင်းဖော် ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ကိုသာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂ရနှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ ပြင်သစ်အသင်းနဲ့အတူ ရှိနေတဲ့ အချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်း မှာ ကစားခွင့်ရဖို့ဟာ သူ့ရဲ့ အိမ်မက်တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ကာ ပေါ့ဘာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် အသင်းပြောင်းတော့မှာ ဖြစ်တယ် လို့ ဘောလုံး သုတေသီတွေက သုံးသပ် ထားကြပါတယ်။

Photo Credit: Metro

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကလည်း တစ်ချိန်က ပေါ့ဘာကို ခေါ်ယူချင်ကြောင်း ဝန်ခံစကား ဆိုခဲ့ဖူးတာကြောင့် ပေါ့ဘာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အပြောင်းအရွှေ့ သတင်းဟာ ယခုရက်ပိုင်း အတွင်းမှာ ပိုမို ကျယ်လောင် လာခဲ့ပေမယ့် ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်စ်ဟာ ပေါ့ဘာထက် သူ့ရဲ့ အသင်းဖော် ဖာနန်ဒက်ကိုသာ ခေါ်ယူလိုနေကြောင်း သိရပါတယ်။ အသက် ၂၆နှစ်အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားကာ ၁၄ဂိုး သွင်းယူပေးထားပြီး ၁ဝဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။

Photo Credit: Metro

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်စ်ဟာ ပေါ့ဘာနဲ့ ကစားပုံ ဆင်တူတဲ့ ရန်းနက်စ် အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ပေါ့ဘာကို ခေါ်ယူတော့မှာ မဟုတ်ပဲ ပေါ့ဘာအစား အသင်းကို မောင်းနှင်အား ကောင်းကောင်းနဲ့ ဦးဆောင် ပေးနိုင်မယ့် ဘရူနို ဖာနန်ဒက်ကို ခေါ်ယူလိုနေတာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ဖာနန်ဒက်ဟာ မန်ယူအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးသလို မန်ယူအသင်းကလည်း သူတို့အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဖာနန်ဒက်ကို လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် ပီရက်စ်ဟာ ပေါ်တူဂီ ကစားသမားတွေ ကို သဘောကျသူ တစ်ဦးဖြစ်တာကြောင့် ဖာနန်ဒက်ကို ခေါ်ယူဖို့ ကျိန်းသေပေါက် ကြိုးစားလာမှာ ဖြစ်ကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းထောက်တွေက သုံးသပ် ထားကြပါတယ်။