MySport Myanmar

ဆွန်ဟောင်မင်ကို ခေါ်ယူသွားဖို့ စောင့်ကြည့်နေတယ်လို့ သတင်းထွက်လာတဲ့ ရီးယဲလ်

ဥရောပချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်တင်းသွားဖို့အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အခမ်းနားဆုံးသော ခြေစွမ်းတွေ ပြသထားနိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ခေါ်ယူသွားဖို့ စောင့်ကြည့်လျက် ရှိနေတယ်လို့ နာမည်ကျော် သတင်းထောက် ရူဒီဂါလက်တီကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sporting News

ကီလီယန်အမ်ဘာပေ အာလင်းဟော်လန်းတို့လို အရည်အသွေးမြင့် လူငယ်တိုက်စစ်ကစားသမားလေးတွေနဲ့ လွဲချော်ထားခဲ့ရတဲ့ ရီးယဲလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်အားကို အင်အားဖြည့်တင်းဖို့အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ရွေဖိနပ်ဆုကို မိုဟာမက်ဆာလာနဲ့ ပူးတွဲပိုင်ဆိုင်ခဲ့ရသူ ဆွန်ဟောင်မင်ကို စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ ခံစစ်အတွက် ရူဒီဂါ ကွင်းလယ်အတွက် ချူအာမန်နီတို့ကို အားဖြည့်ထားခဲ့တဲ့ ရီးယဲလ်ဟာ တိုက်စစ်ပိုင်းအတွက်ကိုလည်း ဈေးကွက်ထဲ ထပ်မံဝင်ရောက်လာနိုင်ပြီး ဆွန်ဟောင်မင်ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ ဂါလက်တီကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Star

အသက်(၂၉)နှစ်အရွယ် တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင်မင်ဟာ မနှစ်က ဘောလုံးရာသီအတွင်း စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၃)ဂိုးထိ သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းမှာ ရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ အာရှကစားသမား ဖြစ်လာခဲ့ရပါတယ်။ စပါးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဆွန်ဟောင်မင်ဟာ သူရဲ့စပါးအတွက် တစ်နှစ်ပြီးတစ်နှစ် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ပေမယ့်လည်း စပါးအသင်းက ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရလို့ ဆွန်ဟောင်မင်လည်း ဆုဖလားတွေနဲ့ ဝေးကွာနေရသလို ကမ္ဘာအဆင့် ထိပ်တန်းကစားသမား ဖြစ်လာဖို့လည်း လိုအပ်နေသေးတာကြောင့် စပါးထက် ပိုမိုကြီးမားသော အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ပါ ဆွန်ရဲ့ဖခင်က တိုက်တွန်းပြောဆိုထားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၁၅ခုနှစ်ကမှ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းကနေ စပါးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် ဘောလုံးရာသီ (၇)ရာသီအတွင်း ပွဲပေါင်း (၃၂၅)ပွဲ ကစားထားပေးကာ စုစုပေါင်းသွင်းဂိုး (၁၃၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဆွန်ဟာ စပါးအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိနေပေမယ့်လည်း လက်ရှိအချိန်ထိ ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရသေးတဲ့ အခြေအနေကြောင့် ရီးယဲလ်သာ တကယ် ကမ်းလှမ်းလာမယ်ဆိုရင် ဆွန်ဘက်က ဒီကမ်းလှမ်းမှုအပေါ် ဘယ်လို တုံ့ပြန်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Exit mobile version