ဒီနှစ်ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ တတ်လှမ်းနိုင်အောင် အဓိကနေရာကနေ ပို့ဆောင်နေသူတွေထဲမှာ ဝါရင့်ကစားသမားကြီး ဘန်ဇီမာ ဝါရင့်နည်းပြကြီး အန်စလော့တီတို့ ပါဝင်နေသလို လူငယ်တိုက်စစ်ကစားသမားလေး ရိုဒရီဂိုလည်း ပါဝင်လို့နေပါတယ်။ အသင်းက ချန်ပီယံလိဂ်ကနေ လှည့်ပြန်ရတော့မယ့် အနေအထားမျိုး ရောက်နေချိန်မှာ အသင်းကို ကယ်တင်ခဲ့သူက ဆမ်ဘာသားလေး ရိုဒရီုဂိုဖြစ်ပြီး မန်စီးတီးကို ဘာနေဗျူးမှာ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း ပွဲပြီးခါနီး သွင်းယူခဲ့တဲ့ သူရဲ့သွင်းဂိုးတွေက ရီးယဲလ်ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မျှော်လင့်ချက်တွေကို ပြန်လည်ရှင်သန်စေခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Stadium Astro

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် ကစားသမားလေး ရိုဒရီဂိုဟာ ရီးယဲလ်အသင်းရဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရခြင်း မရှိပေမယ့်လည်း လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရတိုင်းမှာ အသင်းအတွက် အလွန်အကျိုးပြုလာတာကြောင့် super sub တစ်ဦးအဖြစ်တောင် သတ်မှတ်လာနိုင်တဲ့ အနေအထားမျိုး ဖြစ်နေရပါတယ်။ အခုလည်း ချန်ပီယံလိဂ်မှာ ဖိုင်နယ်ထိ တတ်လှမ်းနိုင်စေမယ့် အခြေအနေမျိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ ရိုဒရီဂိုဟာ အဲ့ဒီပွဲမတိုင်ခင်မှာလည်း အက်စပန်ညိုကို ရင်ဆိုင်ခဲ့ရတဲ့ လာလီဂါပွဲမှာပါ လူစားဝင်ပြီး (၂)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဆက်တိုက်ဂိုးမြူးနေရင်း ရီးယဲလ်အသင်းကို တောက်လျှောက် အကျိုးပြုနေတဲ့ ကစားသမား ဖြစ်နေရပါတယ်။

Photo Credit : The Real Champs

ဒီလို အသင်းကို ဆက်တိုက် အကျိုးပြုနေတဲ့ ရိုဒရီဂိုက “ကျွန်တော် (၃)ဂိုးထိ သွင်းယူနိုင်မယ်ဆိုပြီး ကျွန်တော့်အဖေနဲ့ အလောင်းအစားတစ်ခု လုပ်ဆောင်ခဲ့တယ်။ တကယ်တမ်းကျတော့ ကျွန်တော် (၂)ဂိုးပဲ သွင်းယူခဲ့တယ်။ ကျွန်တော် (၁)ဂိုး လွဲချော်ခဲ့တယ်။ အဲ့ဒါကို ဖိုင်နယ်ပွဲမှာ ရအောင်သွင်းယူပါမယ်။ ဒီအဖြူရောင်ဂျာစီနဲ့ဆို ဘာမဆို ဖြစ်နိုင်တယ်။ ကျွန်တော်တို့တွေ အဆုံးထိပါ တိုက်ပွဲဝင်ခဲ့တယ်။ ဘာတွေဖြစ်ပျက်သွားခဲ့သလဲ ဆိုတာကို ဖော်ပြဖို့အတွက် စကားလုံးတွေ မရှိဘူးဆိုတာ အမှန်ပါပဲ။ ကျွန်တော်တို့တွေ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကူညီသွားခဲ့တယ်။ ဒီနေ့က ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးနေ့တွေထဲကမှ တစ်ရက်ပါပဲ။ လူစားဝင်လာခဲ့ရပြီး သွင်းဂိုး(၂)ဂိုး သွင်းယူရင်း ပွဲကို အပြောင်းအလဲ လုပ်ဆောင်နိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မိတယ်။ ဒါက နောက်ထပ် ဘာနေဗျူးရဲ့ မှော်ဆန်တဲ့ ညတစ်ညပါပဲ။ ဒါက အမြဲတမ်းလည်း ဖြစ်နေတာပါ။ ပရိသတ်ထုကြီးကလည်း ကျွန်တော်တို့အတွက် အမြဲတမ်း အကူအညီ ဖြစ်ခဲ့ရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။