စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာနောက်ခံနေရာ အတွက် ဥရောပ ချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ အဓိက ညာနောက်ခံလူ ရစ်စီဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှ စတင်ကာ အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ပြီး အောင်မြင်မှုတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ကာ သူတို့အသင်းရဲ့ စီမံကိန်းတွေထဲမှာ အသင်းအတွက် ဆယ်စုနှစ် တစု ကစားပေးနိုင်မယ့် ထိပ်တန်း နောက်ခံလူ တဦးကို ခေါ်ယူမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

Photo Credit: Marca

အသက် ၂၂နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရစ်စီဂျိမ်းစ်ဟာ တိုက်စစ်အားသန် ညာနောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှု ၊ တိုက်စစ်လိုက်ပါနိုင်စွမ်း မြင့်မားခြင်းတို့က ရီးရဲလ်မက်ဒရစ် အသင်းကို မျက်စိကျစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ရစ်စီဂျိမ်းစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပြီး ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Marca

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ရစ်စီဂျိမ်းစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ညာနောက်ခံနေရာ အတွက် နံပါတ်တစ်ပစ်မှတ် ကစားသမား ဖြစ်လာပြီး ရီးရဲလ်မက်ဒရစ် အသင်းက ရစ်စီဂျိမ်းစ်ကို ခေါ်ယူနိုင်ဖို့ အတွက် သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် အီဒင်ဟာဇက်ကိုတောင် အလိုက်ပေး ကမ်းလှမ်းဖို့ အထိ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် ဟာဇက်ဟာ ၂၀၁၉ခုနှစ်မှာ ချယ်လ်ဆီးအသင်း ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ရစ်စီဂျိမ်းစ်အတွက် ဟာဇက် + ယူရို ၃၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ စီစဉ်နေကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။