ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးအသင်းမှာ ပွဲထွက်ကစားခွင့်တွေ သိပ်မရရှိသေးတဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ဖေးလ်ဖိုဒန်ရဲ့အခြေအနေကို စောင့်ကြည့်လျက်ရှိနေပြီး ကစားသမားဘက်ကနေသာ မန်စီးတီးမှာ မပျော်မရွှင် ဖြစ်လာခဲ့လို့ အသင်းကနေ ထွက်ခွာချင်လာခဲ့မယ်ဆိုရင် မက်လောက်စရာ ကမ်းလှမ်းမှုတစ်ရပ်ကို အရခေါ်ယူသွားဖို့ ပြင်ဆင်ထားတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားဖိုဒန်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၈)ပွဲအထိ ပါဝင်ကစားခဲ့ရတယ်ဆိုပေမယ့်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ အောက်တိုဘာလနှောင်းပိုင်းကနေ အခုချိန်ထိ အရန်ကစားသမားအဖြစ်နဲ့သာ လူစားဝင်ကစားနေရသလို လီဗာပူးလ် မန်ချက်စတာယူနိုက်တက်တို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲကြီးတွေမှာဆိုရင်လည်း ဖိုဒန်ဟာ အသင်းအတွက် တစ်မိနစ်လေးတောင် ဝင်ရောက်ကစားခွင့် မရရှိခဲ့ပါဘူး။ ဒီလိုအခြေအနေတွေကို ဖိုဒန်ဘက်ကနေ စိတ်ပျက်လာပြီး အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိ စဉ်းစားလာခဲ့မယ်ဆိုရင်တော့ ဒီအခွင့်အရေးကို ရီးရဲလ်အသင်းဘက်ကနေ အကောင်းဆုံးအသုံးချသွားဖွယ် ရှိနေပါတယ်။

Photo Credit : Dream Team

မန်စီးတီးလူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ဖိုဒန်ဟာ တကယ့်ကို အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားခဲ့ရသလို မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာ နှစ်သက်ရတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက ဒီနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဖိုဒန်ကို လူစားဝင်ကစားသမားအဖြစ်နဲ့သာ အသုံးပြုနေလျက်ရှိပြီး ဒီအခြေအနေကို ကစားသမားဘက်ကနေ စိတ်ပျက်လာခဲ့လို့ အသင်းကနေ ထွက်ခွာချင်စိတ် ဖြစ်လာခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းက အခွင့်ကောင်းယူဖို့အတွက် ချဉ်းကပ်နေတာဖြစ်ပါတယ်။ ဖိုဒန်ရဲ့လက်ရှိတန်ကြေးကတော့ ယူရိုသန်း(၆၀)လောက်အထိကို ရှိလို့နေတဲ့အပြင် အသင်းနဲ့ကလည်း ၂၀၂၄ခုနှစ်အထိကို စာချုပ်သက်တမ်းတစ်ရပ် ကျန်ရှိနေသေးတာကြောင့် ရီးရဲလ်အနေနဲ့ ဖိုဒန်ကို ခေါ်ယူဖို့က အတော်လေး ခက်ခဲနိုင်သလို မန်စီးတီးကလည်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားလေးကို လက်လွတ်ခံဖို့က ဖြစ်နိုင်ခြေ အရမ်းကို နည်းပါးလို့နေပါတယ်။