ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံဂိုးသမား သီဘော့ကော်တိုအာက ဒီနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမယ့် ရီးယဲလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေအနေနဲ့ သူ့ကို အော်ဟစ်လှောင်ပြောင်မှုတွေ မပြုလုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးသော ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် လန်ဒန်မြို့ရှိ ချယ်လ်ဆီးအသင်းရဲ့အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ရီးယဲလ်နဲ့ ချယ်လ်ဆီးတို့ ဆုံတွေ့ထားခဲ့ရာ ဘာနေဗျူးမှာ သရေကျခဲ့ပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ရီးယဲလ်တို့ ဖိုင်နယ်တတ်လှမ်းနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရီးယဲလ်တို့ လက်စားပြန်ချေနိုင်မယ့် အခွင့်အရေးမျိုး ရှိနေရသလို ပြီးခဲ့တဲ့နှစ်က ကိုဗစ်စည်းမျဉ်းတွေကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပရိသတ် ပါဝင်ခွင့်မရှိခဲ့ရာကနေ ဒီနှစ်မှာ အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုတွေ ပြန်လည်ရှိလာတော့မှာမို့ ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဂိုးသမားကော်တိုအာကို အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ ကြိုဆိုဖွယ် ရှိနေရပါတယ်။ ချယ်လ်ဆီ်းအသင်းမှာ (၇)နှစ်တာလောက်အထိ ပါဝင်ကစားခဲ့သူဖြစ်တဲ့ ဂိုးသမားကော်တိုအာက “ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေ ကျွန်တေ်ာ့ကို အော်ဟစ်လှောင်ပြောင်မှုတွေ မပြုလုပ်ကြဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေ့မယ် ဒါတွေကို ဘယ်တော့မှ မသိနိုင်ပါဘူး။ စတမ်းဖို့ဒ်ဘရစ်ချ်ဆီကို ပျော်ရွှင်စွာနဲ့ ပြန်လာတာမျိုးကိုပဲ ကျွန်တော်မျှော်လင့်ပါတယ်။ အခု ကျွန်တော်တို့ဟာ ပြိုင်ဖက်တွေ ဖြစ်နေကြပါပြီ။ သူတို့လည်း နိုင်ပွဲတွေ လိုုချင်နေသလို ကျွန်တော့်အတွက်ကလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်နေတဲ့ အသင်းက ပရိသတ်တွေရဲ့ လက်ခုပ်သံကို ကျွန်တော် မမျှော်လင့်ထားပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကော်တိုအာဟာ ၂၀၁၈ခုနှစ်ကမှ ချယ်လ်ဆီးကနေ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ရီးယဲလ်နဲ့အတူ လာလီဂါချန်ပီယံ တစ်ကြိမ် ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံ တစ်ကြိမ် ရယူခဲ့သလို ပွဲပေါင်း(၁၇၀)မှာ Clean Sheets ပေါင်း (၆၉)ကြိမ်ထိကို ရယူနိုင်ခဲ့ပါတယ်။