စပိန်လာလီဂါ အင်အားကြီးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ လုပ်ခ လစာအမြင့်မားဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ တောင်ပံတိုက်စစ် ကစားသမား ဂါရတ်ဘေးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းရွှေ့ခွင့် ပေးဖို့ စီစဉ် နေတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတချို့က ဖော်ပြသွားခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် လာလီဂါ ပြိုင်ပွဲဟာ အချိန်ကြာမြင့်စွာ ရပ်နားထားခဲ့ရပြီး ပြိုင်ပွဲကို ရပ်နားထားခဲ့ရာကနေ ဝင်ငွေတွေ နည်းပါးသွားတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းမှာရှိတဲ့ လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတွေထဲမှာ အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းသဘောမကျတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ ကြိုးစားနေပြီး အဆိုပါ ကစားသမားတွေထဲမှာ ဂါရတ်ဘေးလ်ဟာ ထိပ်ဆုံးက ပါဝင်တယ်လို့ သိရပါတယ်။

Photo Credit: Talksport.com

လာလီဂါအသင်းတွေဟာ ဝင်ငွေ ထိခိုက်သွားတာကြောင့် ကစားသမားတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချထားခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ်အသင်းလို လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတွေ များပြားတဲ့ အသင်းအတွက် အဆိုပါ လစာ ၁၀ရာခိုင်နှုန်းလျှော့ချမှု အစီအစဉ် ဟာ အလုပ်မဖြစ်ဘူးလို့ စပိန်ဘောလုံး ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းအတွက် အသုံးမလိုတဲ့ ကစားသမား အများစုကို ရှင်းထုတ်သွားဖို့ စဉ်းစားနေပြီး အဆိုပါ ကစားသမားတွေထဲမှာ ဂါရတ်ဘေးလ် ၊ ဂျိမ်းရိုဒရီဂွက်စ် စတဲ့ နာမည်ကြီး ကစားသမားတွေ အပြင် အဆန်စီယို ၊ ဗက်စ်ကွက်စတဲ့ ကစားသမားတွေကိုပါ ရောင်းထုတ်သွားဖို့ ကြိုးစားနေတယ်လို့ မက်ဒရစ်မြို့အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Talksport.com

အဆန်စီယို ၊ ဂျိမ်းရိုဒရီဂွက်စ် စတဲ့ ကစားသမားတွေဟာ လက်ရှိအချိန်မှာ ခေါ်ယူလိုတဲ့ အသင်းတွေ များပြားနေတာကြောင့် ရီးရဲလ် မက်ဒရစ်အသင်းက ရောင်းမထွက်မှာကို စိုးရိမ် စရာ မလိုပေမယ့် ဂါရတ်ဘေးလ်လို ဒဏ်ရာပြဿနာများစွာ ရင်ဆိုင်ထားရကာ လစာ မြင့်မားလွန်းတဲ့ ကစားသမားကို ခေါ်ယူမယ့် အသင်းဟာ ရှားပါးလွန်းတယ်လို့ အပြောင်းအရွှေ့ ကျွန်းကျင်သူတွေက သုံးသပ်ပြောဆို ထားကြပါတယ်။ ဒါ့ကြောင့်လည်း ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘေးလ်ကို အလွတ်ကြေးနဲ့သာ အသင်းပြောင်းရွှေ့ခိုင်းဖို့ စီစဉ်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်မှာ ဖြစ်တာကြောင့် ထိပ်သီးအသင်းတွေဟာ ဂါရတ်ဘေးလ်ကို ကမ်းလှမ်းလာမယ် လို့ ရီးရဲလ်မက်ဒရစ် အသင်းဘက်က ယုံကြည် ထားပါတယ်။ လက်ရှိမှာတော့ ဘေးလ်ကို ခေါ်ယူဖို့အတွက် တရုတ်စူပါလိဂ်အသင်းတချို့ က စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။