စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က အင်္ဂလန်နဲ့ ဒေါ့မွန်တို့ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အင်္ဂလန် ထိပ်သီးအသင်းတွေနဲ့ အပြိုင် ခေါ်ယူရန် ကြိုးစားဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ဆယ်ကျော်သက် ကစားသမား တဦး ဖြစ်ပေမယ့် ဒေါ့မွန်နဲ့ အင်္ဂလန် နှစ်သင်းစလုံးမှာ ပုံမှန် ပွဲထွက်ခွင့် ရနေသူ ဖြစ်ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၆-၂ အီရန် ပွဲစဉ်မှာလည်း သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဘယ်လင်ဟမ်က ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ်နဲ့ Box to Box ကွင်းလယ်လူ အဖြစ် ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် လူငယ် ကွင်းလယ်လူ တဦး ဖြစ်ပြီး သူ့ရဲ့ အရည်အချင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘယ်လင်ဟမ်ကို အပြိုင် ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကလည်း ဘယ်လင်ဟမ်ကို လာမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူရန် ကြိုးစားဖို့ ပြင်ဆင်ထားပြီး ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ် အတွက် ငွေကြေးအလုံးအရင်း သုံးစွဲဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။

Photo Credit: The Sun

ဒေါ့မွန်ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ဘယ်လင်ဟမ်ကို လာမယ့် နွေအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်ထားပြီး ဘယ်လင်ဟမ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း အထိ တောင်းဆိုဖို့ ရှိနေကြောင်း ဒေါ့မွန်နဲ့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။

ကဲ ရီးရဲလ်မက်ဒရစ်က ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကို ကျော်ပြီး ဘယ်လင်ဟမ်ကို ခေါ်နိုင်မယ်လို့ ထင်ကြလားဗျ…။