ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပရိသတ်များစွာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စကော့တလန်နိုင်ငံမှာ စကော့ချန်ပီယံ ရိန်းဂျားစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်အတွင်း အတော်လေးကို ခြေစွမ်းပြသခဲ့တဲ့ ရိန်းဂျားစ်တောင်ပံတိုက်စစ်ကစားသမား ရိုင်ယန်ကန့်ရဲ့ စွမ်းဆောင်ရည်ကို အလွန်သဘောကျနေပြီး အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပြင်သစ်ကြယ်ပွင့် ကစားသမားလေး ကီလီယန်အမ်ဘာပေထက် ရိုင်ယန်ကန့်ကိုသာ ခေါ်ယူပေးဖို့ နောက်ပြောင်ပြီး တောင်းဆိုလာခဲ့ကြပါတယ်။

Photo Credit : The Guardian

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရိန်းဂျားစ်အသင်းတို့ဟာ ပြီးခဲ့တဲ့ (၂၅)ရက်နေ့က စကော့တလန်နိုင်ငံ ဂလပ်စဂိုက Ibrox Stadium ကွင်းမှာ ရာသီကြိခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရီးယဲလ်အသင်းက လူငယ်ကစားသမားလေး ရိုဒရီဂိုရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ရိန်းဂျားစ်အသင်းဘက်က ဒုတိယပိုင်းမှာ ချေပဂိုးရော အနိုင်ဂိုးပါ ဆက်တိုက်သွင်းယူနိုင်ခဲ့ကာ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ရိန်းဂျားစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရိုင်ယန်ကန့်ကို ရီးယဲလ်ပရိသတ်တွေကပါ သဘောကျနှစ်သက်ခဲ့ရပါတယ်။

Photo Credit : Glasgow Times

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန် ယူ-၂၀ ကစားသမားဟောင်း ရိုင်ယန်ကန့်ဟာ လီဗာပူးလ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၉ခုနှစ်ကမှ လီဗာပူးလ်ကနေ ရိန်းဂျားစ်အသင်းဆီကို အပြီးသတ် ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရိန်းဂျားစ်အသင်းနဲ့ (၃)ရာသီအထိ ဖြတ်သန်းထားခဲ့တဲ့ ရိုင်ယန်ကန့်ဟာ မနှစ်က ဘောလုံးရာသီမှာလည်း ရိန်းဂျားစ်အသင်းနဲ့ စကော့တလန် အမှတ်ပေးချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့သလို ရီးယဲလ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါသေးတယ်။ ဒါကြောင့် ရီးယဲလ်အသင်း အားပေးသူတွေ သီးသန့်ဖွဲ့စည်းထားတဲ့ Managing Madrid တွစ်တာစာမျက်နှာကနေ ကီလီယန်အမ်ဘာပေထက် ခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကန့်ကိုသာ ခေါ်ယူသွားရအောင်လို့ နောက်ပြောင်ရေးသားဖော်ပြလာခဲ့ရာ ရီးယဲလ်ပရိသတ်များစွာကနေပါ Likes များစွာ ပေးခဲ့ကြပြီး သဘောကျ နှစ်သက်ခဲ့ကြောင်းကို ပြသခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဒီနှစ် နွေစျေးကွက်အတွင်း ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒေးဗစ်အလာဘာတစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ရပြီး လက်ရှိမှာ အသင်းရဲ့ အဓိကနောက်ခံလူဖြစ်တဲ့ ရာဖယ်ဗာရန်းကိုပါ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောင်းချသွားဖို့ နီးစပ်လျက် ရှိနေပြီဖြစ်ပါတယ်။