စပိန်အခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်များအရ လာလီဂါ ထိပ်သီးကလပ်အသင်း ရီးယဲလ်မက်ဒရစ်ဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အာဆင်နယ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို ထပ်မံ စိတ်ဝင်စားနေပြန်တယ်လို့ သိရှိရပါတယ်။
Photo Credit : Daily Mail
ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ဂျေဇူးဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ မန်စီးတီးကနေ အာဆင်နယ်အသင်းဆီ ပေါင်(၄၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် (၁၆)ပွဲ ကစားထားရင်း (၅)ဂိုးသွင်း (၆)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ကတာကမ္ဘာ့ဖလားမှာတုန်းက ဒူးဒဏ်ရာ ရရှိသွားခဲ့လို့ ကာလရှည် အနားယူလိုက်ရတဲ့ ဂျေဇူးဟာ အခုဆိုရင် အာဆင်နယ်အတွက်လည်း ပြန်လည် ကစားပေးနိုင်ပြီ ဖြစ်သလို သူရဲ့ တိုက်စစ်ပိုင်း အရည်အသွေးတွေကြောင့်လည်း သူ့ကို ရီးယဲလ်အသင်းကပါ စောင့်ကြည့်လာခဲ့တယ်လို့ စပိန်သတင်းမီဒီယာ Defensa Central က ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Mail
ရီးယဲလ်အသင်းဟာ ဒီရာသီအကုန်မှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး တကယ်လို့ သက်တမ်း အနည်းငယ် ထပ်တိုးမယ်ဆိုရင်တောင် အသက်(၃၅)နှစ်အရွယ် ဝါရင့် ကစားသမားကြီးက ဒီရာသီမှာ fitness ပိုင်းတွေ အားနည်းလာတာကြောင့် ရီးယဲလ်အနေနဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ မဖြစ်မနေ ခေါ်ယူရတော့မှာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီးယဲလ်ဟာ ဘန်ဇီမာနေရာမှာ ရေရှည် အစားထိုးနိုင်ဖို့အတွက် ဂျုဗင်တပ်စ် တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ် စပါး တိုက်စစ်ကစားသမား ရစ်ချာလီဆန်တို့အပြင် အခု အာဆင်နယ်ရဲ့ တိုက်စစ်ကစားသမား ဂျေဆူးကိုပါ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Planet Football
လက်ရှိ ရီးယဲလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာလည်း ဗင်နီစီယပ်စ် ရိုဒရီဂိုတို့လို ဘရာဇီးလ် ကစားသမားတွေ ရှိနေတာကြောင့် သူတို့တွေရဲ့ လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ ဂျေဇူးတို့က တစ်ဦးဦးကို အရ ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးယဲလ်ရဲ့ အထောင် တိုက်စစ်ပိုင်းမှာလည်း ဘန်ဇီမာ တစ်ဦးတည်းသာ အားထားရတဲ့ ကစားသမား ဖြစ်နေတာကြောင့် ရီးယဲလ်အနေနဲ့ အထောင်တိုက်စစ်မှူး (၂)ဦးလောက်အထိတောင် ခေါ်ယူသွားရဖွယ် ရှိနေပါတယ်။