MySport Myanmar

ဘန်ဇီမာကို လက်လွှတ်လိုက်ရရင် ဟယ်ရီကိန်းကို ခေါ်ယူသွားမယ့် ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ကာရင် ဘန်ဇီမာကို ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ လက်လွှတ်ရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဘန်ဇီမာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် မျက်စိကျနေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၃၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ၂၀၀၉ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ ၁၄နှစ်ကြာ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့သူ ဖြစ်ပြီး သူနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘန်ဇီမာတို့က နောက်ထပ် ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရထားပေမယ့် ပြီးခဲ့တဲ့ အပတ်မှာပဲ ဆော်ဒီနိုင်ငံက ဘန်ဇီမာရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ လုပ်ခလစာ မြိုးမြိုးမြက်မြက် ရမယ့် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ ကမ်းလှမ်းမှုကြောင့်ပဲ ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဖို့ တွန့်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံက တနှစ် လုပ်ခလစာ ယူရို ၁၀၀သန်း + ၁၀၀ရာခိုင်နှုန်း ပုံရိပ် အသုံးပြုခွင့် + ကြိုက်နှစ်သက်တဲ့ အသင်းမှာ ကစားခွင့် စတဲ့ အချက်တွေနဲ့ ဘန်ဇီမာကို ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဘန်ဇီမာကလည်း ဆော်ဒီနိုင်ငံရဲ့ ကမ်းလှမ်းမှုတွေကို သဘောကျနေတာကြောင့် ဆော်ဒီနိုင်ငံဆီ ပြောင်းရွှေ့ ကစားဖို့ စဉ်းစားနေပါတယ်။

Photo Credit: Marca

ဘန်ဇီမာကသာ စာချုပ်သစ် မချုပ်ခဲ့ရင် ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်သွားမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက အသင်းအတွက် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Dairo ASရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ဘန်ဇီမာရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူးတွေကို စတင် ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို စပါးကလည်း သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းတန် ကမ်းလှမ်းမှု တရပ် ရောက်လာခဲ့ရင် ဟယ်ရီကိန်းကို ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Exit mobile version