စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၃နှစ် နီးပါး ပြောင်းရွှေ့ကြေး အနည်းငယ်သာ သုံးစွဲကာ စုဆောင်းထားတဲ့ ငွေကြေးတွေကို လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သုံးစွဲဖို့ ပြင်ဆင်နေကြောင်း နာမည်ကျော် စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးကွင်းကို ယူရို ၁ဘီလီယံကျော်အထိ သုံးစွဲကာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၃နှစ်တာကာလ အတွင်းမှာ ငွေကြေးသုံးစွဲမှု ချွေတာခဲ့ပြီး အသင်းကနေ မလိုအပ်တဲ့ ကစားသမားတွေကို ရောင်းထုတ်ခြင်း ၊ အငှားချခြင်းတို့ကို အဆက်မပြတ် ပြုလုပ်ခဲ့ပေမယ့် ကစားသမားအဝင်မှာတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၇သန်းနဲ့ ခေါ်ယူထားတဲ့ ကာမာဗင်ဂါ တဦးထဲသာ ရှိနေပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စီနီယာ ကစားသမား အများစုဟာ အသက် ၃၀အရွယ် ကျော်လွန်ကာ ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းကို ကြီးကြီးမားမား သွေးသစ်လောင်းဖို့ စတင် စီစဉ်နေရပြီး ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ တိုက်စစ်မှူး ဟာလန်းတို့ကို တပြိုင်နက်ထဲ ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကျော် Marca သတင်းဌာနက ဖော်ပြသွားပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူလည်း ဖြစ်ပါတယ်။ အကယ်၍ အမ်ဘာပေကသာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိပါက ရီးရဲလ်မက်ဒရစ် အသင်းဟာ သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပါ။

Photo Credit: Marca

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် အသင်းပြောင်းမယ့် ကစားသမား တဦး ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အတွက် လက်ရှိမှာ ဥရောပ အသင်းကြီး အကုန်လုံး နီးပါးက စိတ်ဝင်စားနေတာကြောင့် သူ့ကို ခေါ်ယူချင်ပါက ရီးရဲလ်မက်ဒရစ် အသင်းဟာ အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌ ဖြစ်သူ တေဗက်ကတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ အမ်ဘာပေနဲ့ ဟာလန်းတို့ကို တပြိုင်ထဲ ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း အတည်ပြုပေးခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်း အနေနဲ့ သူတို့နှစ်ဦးလုံးကို ခေါ်ယူခဲ့သည့်တိုင် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ညိစွန်းဖွယ် မရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။