MySport Myanmar

မန်ယူကွင်းလယ်ကြယ်ပွင့် ဖာနန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Record Portugal သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဆယ်စုနှစ် တစုကြာ အသင်းရဲ့ အဓိက ကွင်းလယ်အတွဲ ဖြစ်ခဲ့တဲ့ လူကာ မိုဒရစ် ၊ တိုနီကရူးစ်နဲ့ ကတ်စ်မဲရိုးတို့ရဲ့ သုံးဦးတွဲ ကွင်းလယ်ကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားတဲ့ အသင်း ဖြစ်ပြီး ကတ်စ်မဲရိုးကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းထုတ်ခဲ့ပေမယ့် သူ့ရဲ့နေရာ အတွက် ကာမာဗင်ဂါနဲ့ ချူအာမီနီတို့ နှစ်ဦးကို ပြန်ခေါ်ထားပါတယ်။

Photo Credit: Record Portugal

ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်က လူကာ မိုဒရစ်နဲ့ တိုနီကရူးစ်တို့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်လူသစ် နှစ်ဦးအား ရှာဖွေဖို့သာ လိုအပ်တော့ပြီး အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဗယ်ဗာဒီက တိုနီကရူးစ်ရဲ့ နေရာကို အစားဝင်နိုင်တာကြောင့် လူကာ မိုဒရစ်လို တိုက်စစ်အားပြု ကစားတတ်တဲ့ ကွင်းလယ်လူ တဦးသာ လိုအပ်ပါတော့တယ်။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်က ဒေါ့မွန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို မိုဒရစ်ရဲ့ နေရာအတွက် မျက်စိကျနေပေမယ့် ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူး ၊ မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်တို့ အားလုံးက ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဘယ်လင်ဟမ်ကလည်း အင်္ဂလန်မြေဆီ ပြန်လည် ပြောင်းရွှေ့ချင်နေတာကြောင့် ဘယ်လင်ဟမ်ကိုသာ မခေါ်နိုင်ခဲ့ရင် အစားထိုး ခေါ်ယူမယ့် ကွင်းလယ်လူတွေကို စတင် ရှာဖွေနေပါတယ်။

Photo Credit: Record Portugal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Record Portugal သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က မိုဒရစ်ရဲ့ နေရာအတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီတို့ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဖာနန်ဒက်ရဲ့ အကွက်မြင်မှုနဲ့ တိကျတဲ့ ဘောလုံးပေးပို့နိုင်စွမ်းကြောင့် ဖာနန်ဒက်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

ဘရူနို ဖာနန်ဒက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ကစားသမားတွေထဲက တဦး ဖြစ်သလို မကြာသေးမီကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားသူ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ သူ့ကို ခေါ်ယူဖို့ မလွယ်ကူပေမယ့် အကယ်၍ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြားမှာသာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ရင် ဖာနန်ဒက်က ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနိုင်ကြောင်း နီးစပ်သူတွေက ပြောကြားထားပါတယ်။

Exit mobile version