စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမား နှစ်ဦးအထိ အလိုက်ပေးဖို့ စဉ်းစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်၊၊ ရီးရဲလ်မက်ဒရစ် အသင်းဟာ အသက် ၂၆နှစ် အရွယ် အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စား နေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ဒိုင်ဘာလာဟာ လတ်တလောမှာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုတွေ အဆင်မပြေ ဖြစ်နေတာကြောင့် ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: AS English

စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာန ကတော့ ရီးရဲလ် မက်ဒရစ် အသင်းဟာ လတ်တလောမှာ အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ ကွင်းလယ်လူ အစ္စကိုနဲ့ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဖြစ်တဲ့ ဘန်ဇီမာနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့ ဘရာဇီးလ် လူငယ် တောင်ပံ ကစားသမား ဗင်နီးရှပ်တို့ကို အလိုက်ပေးကာ ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြိုးစား နေတာဖြစ်ကြောင်း အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၂ ခုနှစ် အထိသာ စာချုပ်သက်တမ်း ရှိသူ ဖြစ်တာကြောင့် လက်ရှိ ရာသီ အတွင်းမှာသာ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ပါက လာမယ့် နွေရာသီ အပြောင်းအရွှေ့ ရောက်တဲ့အချိန်မှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့မှာ ဖြစ်ပြီး အဆိုပါ အချက်ဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ကောင်းမွန်တဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit: AS English

 

အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဂျူဗင်တပ် အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုဟာ အစ္စကိုရဲ့ ခြေစွမ်းကို အလွန်အမင်း သဘောကျသူ တစ်ဦးဖြစ်တာကြောင့် ဒိုင်ဘာလာကိုသာ စာချုပ်သစ် ချုပ်ဆိုဖို့ မစည်းရုံးနိုင်ခဲ့ရင် ဂျူဗင်တပ်အသင်းဟာ ဒိုင်ဘာလာရဲ့ အပြောင်းအရွှေ့ အတွက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ကျိန်းသေပေါက် ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ မှာ ကိုရိုနာဗိုင်းရပ် ပျံ့ပွားနေမှုကြောင့် ပရိသတ်တွေကို ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုခွင့် မပြုသေးတာ ဟာ ထိပ်တန်း အသင်းကြီးတွေရဲ့ ဘဏ္ဏာရေး အခြေအနေကို အတော်လေး အကျပ်ရိုက်စေတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဂျူဗင်တပ် အသင်းတို့ရဲ့ ကြားမှာ ကစားသမား အလဲအထပ် ပြုလုပ်ဖို့ ကျိန်းသေ ဆွေးနွေးဖွယ် ရှိကြောင်း ဘောလုံး သုတေသီတွေက သုံးသပ် ထားကြပါတယ်။