ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ကားလို့အန်စလော့တီဟာ လာမယ့် အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အသင်းရဲ့ ကစားသမား(၄)ဦးကို အသင်းနဲ့ လက်တွဲဖြုတ်ခွင့်ပေးဖွယ် ရှိလို့နေပြီး ဒီကစားသမားတွေထဲမှာ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ် အသင်းရဲ့ ဝါရင့်ကစားသမားကြီး မာဆယ်လို တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာယိုဗစ်နဲ့ မာရီယာနိုဒီယက်ဇ်တို့ ဖြစ်တယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football365

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာလည်း ဗာရန်း အိုဒီဂွာတို့ကို အသင်းကနေ ရောင်းချခဲ့သလို အသင်းရဲ့ ဝါရင့်ကစားသမား ဆာဂျီယိုရာမို့စ်ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီး အလာဘာနဲ့ ကာမာဗင်ဂါတို့ကိုသာ ပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်ဆောင်းစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဘာပေကို အရခေါ်ယူချင်နေတဲ့ ရီးယဲလ်အသင်းက အသင်းရဲ့ ကစားသမား(၄)ဦးကို ထွက်ခွာခွင့်ပေးပြီး အသုံးစရိတ် ပြန်ရှာဖို့ စီစဉ်ထားလျက် ရှိနေပါတယ်။

Photo Credit : Marca

ရီးယဲလ်အသင်းကနေ ထွက်ခွာခွင့်ပေးမယ့် ကစားသမားတွေထဲမှာ ရာမို့စ်မရှိတော့တဲ့နောက် အသင်းခေါင်းဆောင် ရာထူးကို လက်ခံရရှိထားတဲ့ ဘရာဇီးလ် ဝါရင့်နောက်ခံအစွန်လူ မာဆယ်လို မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂါရတ်ဘေးလ်တို့ ပါဝင်လာခဲ့ပြီး ဒီကစားသမား(၂)ယောက်လုံးဟာလည်း ၂၀၂၂ခုနှစ် ဇွန်(၃၀)နေ့မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နေရာတစ်နေရာရဖို့ ရုန်းကန်နေရတဲ့ လူကာယိုဗစ်နဲ့ မာရီယာနိုဒီယက်ဇ်တို့ဟာလည်း အသင်းရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်လာခဲ့ပြီး ဒီကစားသမားတွေကို လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ အခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေအတွက် ဆွေးနွေးခွင့်ပြုသွားမယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ဒီကစားသမား (၄)ယောက်ထဲမှာ မာဆယ်လို ဂါရတ်ဘေးလ် ဒီယက်ဇ်တို့ (၃)ယောက်က လက်ရှိအချိန်မှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရလျက် ရှိနေပါတယ်။