ရီးရဲလ်မက်ဒရစ်အသင်းကတော့ မနေ့ညက ကျင်းပခဲ့တဲ့ ဂရန်နာဒါနဲ့ပွဲစဉ်အတွင်းမှာ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့လို့ အခုဆိုရင် ရမှတ်(၈၃)မှတ်အထိကို ပိုင်ဆိုင်နေရပြီး ဒုတိယနေရာက ဘာစီလိုနာအသင်းနဲ့ ရမှတ်(၄)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ကာ လက်ကျန်ပွဲစဉ်ကလည်း (၂)ပွဲပဲ ကျန်ရှိတော့တာဖြစ်လို့ လာမယ့်ပွဲစဉ်အတွင်းမှာသာ အနိုင်ရလိုက်မယ်ဆိုရင်တော့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီနောက်ပိုင်းကတည်းက ဝေးကွာလို့နေရတဲ့ စပိန်လာလီဂါ ချန်ပီယံဆုဖလားကြီးကိုပါ ပြန်လည်ပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်တန့်ထားခဲ့ရတဲ့ လာလီဂါပြိုင်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ ဇွန်လလယ်ပိုင်းကနေစတင်ပြီး အခုချိန်ထိ လာလီဂါပွဲတိုင်းကို ဆက်တိုက်အနိုင်ရခဲ့ပေမယ့် သူတို့အသင်းရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းက ဆီဗီလာ ဆယ်တာဗီဂိုနဲ့ အသက်လက်တီကိုအသင်းတို့နဲ့ ပွဲစဉ်တွေမှာ သရေတွေ ကျခဲ့ရတာကြောင့် ရပ်တည်မှုတွေရော အမှတ်ကွာဟမှုတွေပါ ပြောင်းလဲသွားခဲ့ကာ ရီးရဲလ်က ချန်ပီယံဆုနဲ့ ပိုမိုနီးစပ်သွားခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင် ရီးရဲလ်အသင်းဟာ လာလီဂါချန်ပီယံဖြစ်ဖို့ ရမှတ်(၂)မှတ်ပဲ လိုအပ်တော့ပြီး (၁၇)ရက်နေ့မှာ ကာစားသွားရမယ့် ဗီလာရီးရဲလ်နဲ့ပွဲကို အနိုင်ရလိုက်မယ်ဆိုရင်တော့ ဒီရာသီရဲ့လာလီဂါချန်ပီယံ ဖြစ်သွားတော့မှာပါ။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းက စပိန်လာလီဂါဘောလုံးပြိုင်ပွဲမှာ အောင်မြင်မှုအရဆုံးအသင်းဖြစ်ပြီး လာလီဂါဆုဖလားကိုလည်း (၃၃)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ကာ သူတို့ရဲ့ အခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းထက်လည်း (၇)ကြိမ်အထိ သာလွန်နေသလို အခုဆိုရင်လည်း (၃၄)ကြိမ်မြောက် လာလီဂါဖလားကို ပိုင်ဆိုင်ဖို့ကလည်း နီးစပ်လို့နေပါပြီ။ ဒါပေမယ့် ရီးရဲလ်နဲ့ ပွဲစဉ်(၃၇)မှာ ရင်ဆိုင်သွားရမယ့် ဗီလာရီးရဲလ်အသင်းဟာလည်း သူတို့ရဲ့ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို ပိုမိုအားကောင်းနေစေဖို့အတွက် ရီးရဲလ်နဲ့ပွဲမှာ ရလဒ်ကောင်းရယူဖို့ လိုအပ်နေတာကြောင့် ရီးရဲလ်အတွက်တော့ ဒီပွဲက လွယ်ကူမှာမဟုတ်တာ သေချာနေပါတယ်။ နောက်ပြီး ဗီလာရီးရဲလ်က ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတိုင်းမှာ ရီးရဲလ်အတွက် ကစားရခက်စေနိုင်ခဲ့သလို နောက်ဆုံး(၅)ကြိမ်ဆက် တွေ့ဆုံမှုမှာလည်း ရီးရဲလ်က (၁)ပွဲတည်းကိုပဲ အနိုင်ရထားခဲ့သလို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဗီလာရီးရဲလ်ဘက်ကို (၂)ဂိုးထိ ခွင့်ပြုခဲ့ပြီးမှ ကပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ ရီးရဲလ်ရဲ့ချန်ပီယံအဖြေပေါ်မယ့် ပွဲစဉ်ကတော့ အတော်လေးကို ခက်ခဲစေနိုင်မှာဖြစ်ပြီး အရမ်းကိုလည်း ကြည့်ကောင်းတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ယူဆမိပါတယ်။