လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ဆဲလ်ဘက်အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တဲ့ ဟန်ဂေရီ ကွင်းလယ်လူ ဒိုမီနစ် ဆာဘော့ဇ်လိုင်းကို ခေါ်ယူဖို့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ဥရောပ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ ဟန်ဂေရီ လူငယ် ကွင်းလယ် ကစားသမား ဆာဘော့ဇ်လိုင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဆဲလ်ဘက်အသင်းနဲ့ အတူ စတင် တောက်ပလာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဆဲလ်ဘက်အသင်း ကနေ ထွက်ပေါ်လာတဲ့ ကစားသမား အများစုဟာ ထိပ်တန်း ကစားသမားတွေ ဖြစ်သွားလေ့ ရှိတာကြောင့် သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေလည်း အများအပြား ရှိနေပါတယ်။

Photo Credit: AS English

ဆာဘော့ဇ်လိုင်းဟာ သူ့ရဲ့ ကစားသမား ဘဝကို ဩစတီးယားကလပ် လိုင်ဖီရင်အသင်းနဲ့ အတူ စတင် ခဲ့တာ ဖြစ်ပြီး လိုင်ဖီရင်အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဆဲလ်ဘက်အသင်းထံ ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဆာဘော့ဇ်လိုင်းဟာ လက်ရှိမှာ ဆဲလ်ဘက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၇၈ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂၅ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၃၃ကြိမ် အထိ ပြုလုပ် ထားနိုင်သူပါ။ ဒါ့ကြောင့်ပဲ ဆာဘော့ဇ်လိုင်းကို ခေါ်ယူဖို့ အတွက် နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း ၊ အာဆင်နယ်အသင်း ၊ စပါးအသင်းနဲ့ အေစီမီလန် အသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဆဲလ်ဘက်အသင်း ကတော့ သူတို့အသင်းရဲ့ ကစားသမား ဖြစ်သူ ဆာဘော့ဇ်လိုင်းကို အသင်းကနေ ထွက်ခွာခွင့် ပေးထားပါတယ်။

Photo Credit: AS English

ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sport Bild သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ် မက်ဒရစ် အသင်းဟာ ဆာဘော့ဇ်လိုင်းကို အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ အတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းလာပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကိုယ်တိုင် ဆာဘော့ဇ်လိုင်းဆီ ဖုန်းဆက်ကာ စည်းရုံးမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ စပိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနကလည်း ဆာဘော့ဇ်လိုင်းဟာ ဇီဒန်းရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦးဖြစ်ပြီး ဇီဒန်းဟာ အသင်းရဲ့ ကွင်းလယ်လူ အစ္စကိုကို ရောင်းချဖို့ စီစဉ် ထားတာကြောင့် အစ္စကိုရဲ့ နေရာအတွက် အစားထိုးမှုအဖြစ် ဆာဘော့ဇ်လိုင်းကို ခေါ်ယူချင်နေတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဟန်ဂေရီသားတွေနဲ့ အကျိုးပေးတတ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်း ဒီတစ်ကြိမ်မှာရော ဆာဘော့ဇ်လိုင်းကို အရ ခေါ်ယူသွားမလား ဆိုတာကို ဆက်လက် စောင့်ကြည့် သွားရမှာပါ။