ချယ်လ်ဆီးအသင်းရဲ့ အယ်လ်ဘေးနီးယား တိုက်စစ်ကစားသမားလေး အာမန်ဒိုဘရိုဟာကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ဝက်စ်ဟမ်း နယူးကာဆယ်နဲ့ အဲဗာတန်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေတင်မကပဲ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းပါ ပါဝင်နေပြီး ခေါ်ယူနိုင်ဖို့အတွက်ပါ ချယ်လ်ဆီးအသင်းဆီ ဆက်သွယ်လျက် ရှိနေတယ်လို့ သိရပါတယ်။
Photo Credit : Football London
ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆောက်သမ်တန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး တစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ (၉)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘရိုဟာက အခုဆိုရင် ဆောက်သမ်တန်နဲ့ အငှားစာချုပ်ပြည့်လို့ သူရဲ့ မူလကလပ် ချယ်လ်ဆီးအသင်းဆီ ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ ချယ်လ်ဆီးဘက်က အသက်(၂၀)အရွယ် ကစားသမား ဘရိုဟာကို အသင်းကနေ ရောင်းထုတ်သွားဖို့အထိ စီစဉ်ထားခဲ့ပေမယ့် လူကာကူကို အင်တာမီလန်အသင်းဆီ အငှားချထားရသလို တီမိုဗာနာရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်လာခဲ့ရတာကြောင့် ချယ်လ်ဆီးဘက်က ဘရိုဟာကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားချင်လာပါတယ်။
Photo Credit : Goal
ဒါပေမယ့် အယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူးလေးကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပြီး ဝက်စ်ဟမ်းအသင်းဆိုရင်လည်း ပေါင်သန်း(၃၀)နဲ့ပါ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရသေးသလို ချယ်လ်ဆီးဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ လတ်တလောမှာတော့ ဘရိုဟာကို လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ချယ်လ်ဆီးအသင်းဘက်ကိုပါ ဆက်သွယ်မှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။ ချူအာမန်နီနဲ့ ရူဒီဂါတို့ ကစားသမားနှစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့တဲ့ ရီးယဲလ်အသင်းဟာ ဒီနွေရဲ့ ကစားသမားအားဖြည့်မှုကို ရပ်တန့်လိုက်ဖို့ အစီအစဉ် ရှိနေပေမယ့်လည်း အသင်းတိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ်မှူးက ကာရန်ဘန်ဇီမာ တစ်ဦးတည်းသာ အမာခံ ကစားသမားအဖြစ် ရှိနေရပြီး ဟာဇက်က false 9 အဖြစ်သာ ကစားနိုင်သလို မာရီယာနိုဒီယက်ဇ်မှာလည်း ရီးယဲလ်တိုက်စစ်မှာ ပါဝင်ကစားနိုင်တဲ့ အရည်အသွေးမျိုး ရှိမနေတာကြောင့် ဈေးကွက်မပိတ်ခင်မှာ ဘရိုဟာကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ ဘန်ဇီမာကလည်း လာမယ့် ဒီဇင်ဘာထဲမှာ အသက်(၃၅)နှစ် ပြည့်တော့မှာဖြစ်လို့ အသင်းတိုက်စစ်မှာ ရေရှည် ဖြည့်တင်းမှုအဖြစ် ဘရိုဟာကို အလိုရှိနေတာ ဖြစ်ပေမယ့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ဘရိုဟာကို လက်လွတ်ဖို့ ဆန္ဒမရှိတာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ခက်ခဲဖွယ် ရှိနေပါတယ်။