MySport Myanmar

လာမယ့်နွေမှာ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ ရီးယဲလ် မက်ဒရစ်

ရီးယဲလ် မက်ဒရစ်အသင်းဟာ လာမယ့် ၂၀၂၅ နွေဈေးကွက်အတွင်းမှာ ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ TEAMtalk သတင်းမီဒီယာကနေ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဘင်ဖီကာကနေ ချယ်လ်ဆီးအသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၁၀၇)သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ချယ်လ်ဆီးအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့ပါတယ်။

Photo Credit : SportsView

အန်ဇို ဖာနန်ဒက်ဇ်ကို အဓိက စိတ်ဝင်စားနေတဲ့ အသင်းကတော့ ရီးယဲလ် မက်ဒရစ်ဖြစ်ပြီး ရီးယဲလ်က ဒီရာသီမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တိုနီ ကရူးစ်ကို လက်လွတ်ထားရသလို လာမယ့်နွေမှာလည်း အသင်းက ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာ မိုဒရစ်နဲ့ပါ လက်တွဲဖြုတ်ရဖွယ်လည်း ရှိနေပါတယ်။

ဒါ့အပြင် ရီးယဲလ်က အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီကိုပါ အသင်းကနေ ရောင်းထုတ်သွားဖို့လည်း အစီအစဉ် ရှိနေတာကြောင့် ကွင်းလယ်ပိုင်း ပြန်လည် အားဖြည့်သွားဖို့ မဖြစ်မနေ လိုအပ်နေပြီး လက်ရှိမှာတော့ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနား ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ကို မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Football Transfer

အန်ဇို ဖာနန်ဒက်ဇ် ကွင်းလယ်ခံစစ်ရော ကွင်းလယ်တိုက်စစ်ပါ ကစားနိုင်သူဖြစ်ပြီး ဒီရာသီမှာလည်း ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၃၅)ပွဲကစား (၅)ဂိုးသွင်း (၉)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့သလို ပွဲအများစုမှာပါ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ရပါတယ်။ ဒါ့အပြင် ဖာနန်ဒက်ဇ်က ချယ်လ်ဆီးနဲ့လည်း ၂၀၃၂ခုနှစ်အထိ ကာလရှည် စာချုပ်တစ်ရပ်လည်း ရှိနေတာဖြစ်လို့ ဒီကစားသမားကို ခေါ်ယူဖို့က ခဲယဉ်းနိုင်ပါတယ်။

ဒါပေမယ့် ရီးယဲလ်ဘက်ကတော့ အန်ဇို ဖာနန်ဒက်ဇ်ကို ရေးဗားပလိတ်မှာရော ဘင်ဖီကာမှာ ကစားနေစဉ်ကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အခုလည်း အသင်းကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ ဖာနန်ဒက်ဇ်ကို အလိုရှိလာပြန်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီကစားသမားကို ခေါ်ယူဖို့ဆိုတာက လုံးဝ မလွယ်ကူနိုင်သလို ဖာနန်ဒက်ဇ်ကိုယ်တိုင်ပါ ချယ်လ်ဆီးမှာသာ ဆက်ကစားဖွယ် ရှိနေပါတယ်။

Exit mobile version