အပြောင်းအရွှေ့စျေးကွက်တွေ တစ်ခုပြီးတစ်ခု ပြီးဆုံးခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပေါလ်ပေါ့ဘာတို့ရဲ့အပြောင်းအရွှေ့ကတော့ အထမြောက်လာခဲ့ခြင်းမရှိသလို သူတို့ကြားက ကောလာဟာလ သတင်းတွေက ရပ်တန့်သွားခြင်းမရှိပဲနဲ့ အဆက်မပြတ်ကို ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ပေါ့ဘာရဲ့အနာဂတ်က တည်ငြိမ်မှုမရှိပဲ ဟိုလိုလို ဒီလိုလို ဖြစ်နေဆဲပဲမို့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူ့ကိုအလိုရှိနေတဲ့ ရီးရဲလ်ကိုပဲ ပြောင်းရွှေ့တော့မလား ဒုတိယအိမ်လို ဖြစ်နေခဲ့တယ်ဆိုတဲ့ အီတလီနိုင်ငံကိုပြန်ပြီး အသင်းဟောင်းဂျုဗင်တပ်စ်ကိုပဲ ပြန်သွားမလားဆိုတာ မရေမရာ ဖြစ်နေရပါတယ်။

Photo Credit : AllFootball

ရီးရဲလ်ကလည်း ပေါ့ဘာကို ခေါ်ယူချင်နေတယ်ဆိုပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ သတ်မှတ်ထားသလို ပေါင်သန်း၁၅၀အထိ ပေးချေသွားဖို့ကို ဆန္ဒမရှိပဲ ပေါင်သန်း၅၀ဝန်းကျင်နဲ့သာ ကမ်းလှမ်းချင်နေပြီး ကစားသမားတစ်ဦးလောက်ကိုလည်း အလိုက်ပေးဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်ကနေ ထပ်မံပယ်ချခဲ့ဦးမယ်ဆိုရင်တော့ ရီးရဲလ်အသင်းဟာ ပေါ့ဘာအစား ပြင်သစ်လူငယ်ကြယ်ပွင့်လေးဖြစ်တဲ့ အက်ကွာဒိုကယ်မယ်ဗင်ဂါကိုပဲ ယူရိုသန်းရ၀(ပေါင်၅၉သန်း)နဲ့ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။

Photo Credit : AllFootball

အသက်၁၇နှစ်သာရှိသေးတဲ့ ရန်းစ်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ကယ်မယ်ဗင်ဂါဟာ မနှစ်က ဘောလုံးရာသီကနေစတင်ပြီး သူရဲ့အတောက်ပဆုံးသော ခြေစွမ်းတွေကို စတင်ချပြလာနိုင်ခဲ့တာကြောင့် ဥရောပအသင်းပေါင်းများစွာရဲ့စိတ်ဝင်စားမှုကို ရရှိလာခဲ့ကာ ပြင်သစ်လီဂူးရဲ့အတိုးတတ်ဆုံးသော မျိုးဆက်သစ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံလာရပါတယ်။ ဒီနှစ်နွေစျေးကွက်နဲ့ ဆောင်းစျေးကွက်တွေမှာ အသင်းပြောင်းရွှေ့ခဲ့ခြင်းမရှိပဲ ရန်းစ်မှာပဲ ဆက်နေဖြစ်ခဲ့တဲ့ ကယ်မင်ဗင်ဂါဟာ ဒီရာသီအတွင်း ရန်းစ်အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း၃၂ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး ဆယ်ကျော်သက်အရွှယ်သာရှိသေးပေမယ့်လည်း အသင်းရဲ့ Main Player တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာကြောင့် သူ့ကိုလက်လွတ်ရဖို့ဆိုရင် ပြောင်းရွှေ့ကြေးများများရမှသာ လက်လွတ်ဖွယ်ရှိနေပါတယ်။