စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကနေ ထွက်ခွာဖို့ သေချာနေတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းရဲ့ နေရာကို အီတလီ လက်ရွေးစင် ဝါရင် နောက်ခံလူ ချီလီနီနဲ့ အစားထိုးဖို့ ကြံရွယ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ရာဖေးလ် ဗာရန်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ အခွင့်အလမ်း များနေပြီး နှစ်သင်းကြားမှာလည်း ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်နေပါပြီ။

Photo Credit: Football Espana

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗာရန်းရဲ့ နေရာကို အစားထိုးဖို့ နောက်ခံလူသစ် ရှာဖွေနေတာ ဖြစ်ပြီး စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ ဝါရင့် နောက်ခံလူ ချီလီနီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရပါတယ်။

အသက် ၃၆နှစ် အရွယ် ဝါရင့် အီတလီ နောက်ခံလူ ချီလီနီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး အကန့်အသတ်ကို ရောက်ရှိနေပေမယ့် လက်ရှိအထိ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်နေဆဲ ဖြစ်သလို အီတလီအသင်းကို ယူရို၂၀၂၀ပြိုင်ပွဲမှာ ဗိုလ်စွဲအောင်လည်း ကူညီနိုင်ခဲ့ပါတယ်။

Photo Credit: Football Espana

လက်ရှိမှာတော့ ချီလီနီဟာ ဂျူဗင်တပ်အသင်းနဲ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ရှိနေပေမယ့် အကယ်၍ ရီးရဲလ်မက်ဒရစ်အသင်းကသာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာပါက ချီလီနီဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနိုင်ကြောင်း တူရင်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီဟာ အီတလီလူမျိုး ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း အနေနဲ့ ချီလီနီကို ခေါ်ယူဖို့ ကြိုးစားရာမှာ အခက်အခဲ မရှိနိုင်ပဲ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူ တချို့ကတော့ ရီးရဲလ်အသင်းဟာ ချီလီနီကို ၁နှစ် + ၁နှစ် ဆိုတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖို့ အထိ ပြင်ဆင်နေကြောင်း ပြောကြားထားပါတယ်။