ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်း သူရဲ့စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဝင်ရောက်ဆင်နွဲနေရင်းနဲ့ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် မကြာခင်မှာပဲ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရတော့မယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

အသက်(၃၆)နှစ်အရွှယ်ရှိ ဝါရင့်နောက်ခံလူကြီး ရာမို့စ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာပြသာနာများစွာကြောင့် မကြာခဏဆိုသလို အနားယူနေရတဲ့အပြင် စပိန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေချိန်မှာလည်း ကြွက်သားဒဏ်ရာကိုပါ ထပ်မံရရှိသွားခဲ့တာကြောင့် ရီးရဲလ်အသင်းရဲ့ ပွဲစဉ်တချို့ကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။ ရာမို့စ်ဟာ ယခင်ဒူးဒဏ်ရာ ပြသာနာကြောင့်လည်း ၂၀၂၁ခုနှစ်အတွင်းမှာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ(၄)ပွဲကိုသာ ပါဝင်ကစားထားခဲ့ရပြီး အခုလည်း ထပ်မံရရှိခဲ့တဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အရေးပါတဲ့ ပွဲစဉ်တွေကိုပါ ဆက်တိုက်လွဲချော်လာရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနက်ဖြန်ညမှာပဲ အီဘာအသင်းနဲ့ လာလီဂါပွဲစဉ်ကို ဆင်နွဲရမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်အပြီးမှာတော့ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ ကစားပြီးတဲ့အခါမှာတော့ ဘာစီလိုနာအသင်းနဲ့ အယ်ဂလက်စီကိုဒါဘီပွဲစဉ်ကို ဆင်နွဲရဦးမှာဖြစ်သလို အယ်ဂလက်စီကိုပွဲပြီးရင်လည်း လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကို ဆက်တိုက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီလို အခက်ခဲဆုံး အချိန်အခါမျိုးမှာ အသင်းရဲ့ ဝါရင့် အတွေ့အကြုံရင့် ကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ ရာမို့စ်ကို လက်လွတ်ရဖွယ် ရှိနေတာဟာ ရီးရဲလ်အသင်းအတွက်တော့ ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ရာမို့စ်ကတော့ သူအနေနဲ့ အသင်းအတွက် အရေးကြီးနေတဲ့ အချိန်မျိုးမှာ အခုလို ဒဏ်ရာရနေတဲ့အပေါ် ဝမ်းနည်းမိပေမယ့် သူ့အသင်းကတော့ လီဗာပူးလ်ကိုကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရာမို့စ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်ထိ သက်တမ်းတိုးဖို့ကို လုပ်ဆောင်ကြခြင်း မရှိသေးတာကြောင့် လက်တွဲဖြုတ်ကြဖို့ အနီးစပ်ဆုံး ဖြစ်လို့နေပါတယ်။