ဒီနှစ်ဘောလုံးရာသီမှာ ကစားသမားသစ်တစ်ယောက်ကိုမှ မခေါ်ယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့်နွေစျေးကွက်အတွင်းမှာတော့ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပြင်သစ်လူငယ် တိုက်စစ်ကြယ်ပွင့် ကစားသမားလေး ကီလီယန်အမ်ဘာပေကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူသွားနိုင်ဖို့အတွက် ယုံကြည်မှုရှိလို့နေပြီး ဘာပေအတွက်ကိုလည်း ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၆၀)ဝန်းကျင်လောက်ပဲ အသုံးပြုရလိမ့်မယ်လို့ ယူဆထားကြောင်း စပိန်နာမည်ကျော်သတင်းစာ AS ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ရီးရဲလ်အသင်းရဲ့ လာမယ့်နွေစျေးကွက်မှာ အရခေါ်ယူမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း သူလေးစားအားကျခဲ့ရတဲ့ တစ်နိုင်ငံတည်းသား ဇီဒန်းရဲ့ပါဝင်ကစားချင်နေပါတယ်။ ဒါပေမယ့် ဘာပေရဲ့လက်ရှိကလပ် ပီအက်စ်ဂျီကလည်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားဘာပေကို အလွယ်တကူ လက်မလွတ်သွားချင်တာကြောင့် နှစ်ရှည်စာချုပ်သက်တမ်း တိုးမြှင့်သွားနိုင်ဖို့ကိုသာ ကြိုးပမ်းလုပ်ဆောင်လို့နေပါတယ်။

Photo Credit : Daily Mail

ပီအက်စ်ဂျီအသင်းရဲ့ ဒါရိုက်တာဖြစ်သူ လီယိုနာဒိုက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဘာပေ နေမာ ဒီမာရီယာတို့ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ အသိပေးထားခဲ့ပေမယ့် ဘာပေကတော့ သူ့ကို သက်တမ်းတိုးဖို့အတွက် သူအသင်းကနေ ထွက်ခွာချင်တဲ့အခါ သူပြောင်းလိုတဲ့ အသင်းဆီကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတစ်ခု ပြောင်းရွှေ့ခွင့်ပေးမယ်ဆိုတဲ့ အချက်တစ်ခု ထည့်သွင်းပေးမှသာ သက်တမ်းတိုးဖို့ကို လက်ခံဖွယ်ရှိပါတယ်။ ဘာပေဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ခုနှစ်အထိသာ သက်တမ်းကျန်ရှိတော့တာဖြစ်လို့ လာမယ့်နွေအတွင်း သူ့ကို မရောင်းချနိုင်ခဲ့ပဲ စာချုပ်သက်တမ်းပါ မတိုးမြှင့်နိုင်ခဲ့ဘူးဆိုရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့ ဘာပေကို ရီးရဲလ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၆၀)ဝန်းကျင်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်လျက်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဒီတစ်ချိန်မှာတော့ ရီးရဲလ်အသင်းနဲ့ ပူးပေါင်းဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်အသင်းဟာ ဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဟန်ဂေရီကွင်းလယ်ကစားသမား ဆာဘော့ဇ်လိုင်း လိုက်ပ်ဇစ်အသင်းရဲ့နောက်ခံလူ အူပယ်မီကာနိုနဲ့ ရန်းနက်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါတို့ကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။