ခရစ္စတီယာနိုရော်နယ်လ်ဒိုက အခုအချိန်မှာ အသင်းလက်မဲ့ ကစားသမားတစ်ယောက် ဖြစ်နေပေမယ့်လည်း သူရဲ့ ကစားသမားဘဝကိုတော့ အရှေ့အလယ်ပိုင်းအသင်းတွေနဲ့အတူ ဖြတ်သန်းသွားဖွယ် မရှိနိုင်ဘူးလို့ ရော်နယ်လ်ဒိုရဲ့ ဆရာသမားဟောင်းဖြစ်သူ ဝါရင့် နည်းပြကြီး ကားလို့အန်စလော့တီက သုံးသပ် ပြောကြားလိုက်ပါတယ်။

Cristiano Ronaldo tells Manchester United he wants to leave | Cristiano  Ronaldo | The Guardian

Photo Credit : The Guardian

ပေါ်တူဂီ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူး ပြုလုပ်ရင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြောဆိုလာခဲ့ရာ သူရဲ့ပြောစကားတွေက အသင်းနဲ့ အဆင်မပြေနိုင်မယ့် ကိစ္စတွေ ဖြစ်နေတာကြောင့် နောက်ဆုံးမှာတော့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းနဲ့ လမ်းခွဲဖို့အထိပါ အကြောင်းဖန်လာခဲ့ရပါတယ်။ အသင်းလက်မဲ့ ဖြစ်သွားရချိန်မှာ ရော်နယ်လ်ဒိုဟာ ကလပ်အသင်းများစွာနဲ့ သတင်းထွက်ပေါ်လာခဲ့ပြီး ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်းမှာလည်း ရော်နယ်လ်ဒိုက ဆော်ဒီကလပ် အယ်လ်နက်ဆာအသင်းနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီလို့ပါ သတင်းတွေ အတော်လေး ထွက်လာခဲ့ရပါသေးတယ်။

Photo Credit : Marca

ဒါပေမယ့် ရော်နယ်လ်ဒိုဘက်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ပယ်ချထားခဲ့သလို အခုလည်း ရော်နယ်လ်ဒိုရဲ့ ဆရာဟောင်း အန်စလော့တီက ရော်နယ်လ်ဒ်ိုက အာရပ်မှာ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းမှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။ အန်စလော့တီက “ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ရော်နယ်လ်ဒိုနဲ့ မက်ဆီ နှစ်ယောက်စလုံးအတွက် တွန်းအားတွေ ပေးခဲ့တယ်။ ဒီနှစ်ပိုင်းတွေအတွင်းမှာတော့ သူတို့နှစ်ယောက်လုံးဟာ ဘောလုံးလောကရဲ့ အဓိက ဗိသုကာ ပညာရှင်ကြီးတွေ ဖြစ်ခဲ့ပြီး ဂိုးတွေ အများကြီးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီက သူရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားကို ကစားခဲ့သလို CR7 ကလည်း အတူတူပါပဲ။ မတူကွဲပြားတဲ့ ပုံစံတွေနဲ့ အဆုံးသတ်ခဲ့ပေမယ့်လည်း ဘာပဲဖြစ်ဖြစ် တမူထူးခြား ခဲ့ပါတယ်။ အထူးသဖြင့် မက်ဒရစ်မှာဆိုရင်တော့ ရော်နယ်လ်ဒိုက ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ထာဝရ ရှိနေမယ့်သူမျိုးပါ။ အနာဂတ်မှာ သူဘာလုပ်မယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ သူက အမြင့်ဆုံးအဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်ချင်နေသေးတာဖြစ်လို့ အာရပ်ကမ္ဘာက သူ့အတွက် နေရာကောင်းတစ်ခု ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်မိဘူး” လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။