ပူပူနွေးနွေး လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နှစ်ချို့ဝိုင်ကြီး ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်ကို စာချုပ်သစ် ထပ်ချုပ်ဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၈နှစ် အရွယ် ခရိုအေးရှား အသင်းခေါင်းဆောင် ဝါရင့် ဗဟိုကွင်းလယ်လူ လူကာ မိုဒရစ်က ၂၀၁၂ခုနှစ်မှာ စပါး ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမား အဖြစ် ဆယ်စုနှစ် တစုကျော်ကြာ ကစားလာခဲ့သူပါ။

Photo Credit: Standard

လူကာ မိုဒရစ်က ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပေမယ့် အခုချိန်အထိ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။

လူကာ မိုဒရစ်က ရီးရဲလ်မက်ဒရစ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ဆော်ဒီ ထိပ်သီးကလပ်တွေနဲ့ မေဂျာလိဂ် ထိပ်သီးကလပ်တွေက သူ့ကို လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် မိုဒရစ်ကတော့ အခြားအသင်းတွေဆီ ပြောင်းမယ့်အစား ရီးရဲလ်မက်ဒရစ်မှာပဲ နောက်ထပ် ၁ရာသီ ထပ်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မိုဒရစ်က ကမ်းလှမ်းမှုတွေ များစွာ ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ကလည်း မိုဒရစ်ကို စာချုပ်သစ် ထပ်ချုပ်ဖို့ စီစဉ်နေပြီး ရီးရဲလ်မက်ဒရစ်နဲ့ မိုဒရစ်တို့ဟာ မကြာခင်မှာပဲ စာချုပ်သစ် အတွက် တရားဝင် သဘောတူညီမှု ရရှိနိုင်ကြောင်း သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ပေါ်လစီအရ မိုဒရစ်ကို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ ရှိနေပြီး မိုဒရစ်ကတော့ ရီးရဲလ်မက်ဒရစ်မှာ နောက်ထပ် ၁ရာသီ ထပ်ကစားပြီးရင် အသက် ၄၀နား ကပ်သွားဖို့ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားနိုင်ပါတယ်။