ဈေးကွက်အတွင်းမှာ အန်တိုနီယိုရူဒီဂါနဲ့ ချူယာမန်နီတို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာလည်း အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ဂျူနီယာကိုပါ ကာလရှည် စာချုပ်သက်တမ်းတိုးသွားဖို့အတွက် နီးစပ်နေပြီလို့ သိရပါတယ်။

Projecting Vinicius Jr.'s new contract with Real Madrid

Photo Credit : The Real Champs

အသက်(၂၁)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ၂၀၁၇ခုနှစ်မှာပဲ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုကနေ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသက်(၁၈)နှစ် မပြည့်သေးတာကြောင့် ဖလာမင်ဂိုအသင်းဆီ အငှားပြန်ချခဲ့ရပါတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေ စတင်ပြီး ရီးယဲလ်အသင်းအတွက် ပါဝင်ခွင့်ရခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ အခုဆိုရင် ရီးယဲလ်ရဲ့ main player တစ်ဦး ဖြစ်လာခဲ့ရသလို ဒီရာသီ အသင်းရဲ့ ချန်ပီယံလိဂ်နဲ့ လာလီဂါ ဖလားနှစ်လုံး ချန်ပီယံ ဆွတ်ခူးခဲ့ချိန်မှာလည်း ဗင်နီစီယပ်စ်က အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်နိုင်ခဲ့ပါတယ်။

The matches that made Vinicius Junior - Managing Madrid

Photo Credit : Managing Madrid

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၂၂)ဂိုး သွင်းယူနိုင်ခဲ့သလို (၁၆)ဂိုးထိ ဖန်တီးထားနိုင်ခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ အခုလက်ရှိမှာ ရီးယဲလ်အသင်းနဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့ (၉၅)%လောက်အထိ သေချာနေပြီဖြစ်ပြီး သက်တမ်းတိုးကိစ္စ အပြီးသတ်နိုင်ဖို့အတွက် အသေးစိတ် အချက်အလက်လေးတွေပဲ ကျန်တော့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရီးယဲလ်က ဗင်နီစီယပ်စ်ကို ၂၀၂၈ခုနှစ်အထိ ကာလရှည်စာချုပ် ချုပ်ဆိုချင်နေပေမယ့် ကစားသမားဘက်က ဒီထက် အနည်းငယ် တိုတောင်းတဲ့ စာချုပ်သက်တမ်းကိုသာ ချုပ်ဆိုချင်နေတာကြောင့် ဆက်လက်ဆွေးနွေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဗင်နီစီယပ်က လတ်တလော သူရဲ့အားလပ်ရက်အဖြစ် အမေရိကန်နိုင်ငံကို ရောက်ရှိ အပန်းဖြေနေပြီး အဲ့ဒီကမှ မက်ဒရစ်ကို ပြန်ရောက်ချိန်မှာ အသင်းဥက္ကဌပီရက်ဇ်နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ သေချာလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရီးယဲလ်ကစားသမားဘဝမှာ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ထားခဲ့ရတဲ့ ဗင်နီစီယပ်စ်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မက်ဒရစ်မြို့ကို သူရဲ့နေအိမ်လို့ ခံစားနေရပြီ ဖြစ်တာကြောင့် ဆန်တီယာဂိုဘာနေဗျူးမှာပဲ အချိန်ကာလ အတန်ကြာထိ ဆက်လက်ရှိနေရအောင်သာ လုပ်ဆောင်ဖွယ် ရှိပါတယ်။