ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာ အဓိကနောက်ခံကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမိုစ့်နဲ့ ရာဖယ်ဗာရန်းတို့ကို လက်လွတ်ထားခဲ့ရတာဖြစ်လို့ ဗဟိုခံစစ်ပိုင်း အားနည်းမှု ဖြစ်လာနိုင်တဲ့အတွက် စျေးကွက်အတွင်းမှာပဲ ခံစစ်ကစားသမားသစ်တစ်ဦးကို အလျင်အမြန် ခေါ်ယူဖွယ် ရှိနေပြီး လတ်တလောမှာတော့ ဗီလာရီးယဲလ်အသင်းရဲ့ စပိန်နောက်ခံကစားသမား ပါအူတောရက်စ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် နောက်ခံကစားမား ပါအူတောရက်စ်ဟာ ဗီလာရီးယဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်လည်းဖြစ်သလို စပိန်လက်ရွေးစင်အသင်းနဲ့လည်း ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခဲ့သေးသလို လက်ရှိမှာလည်း စပိန်အိုလံပစ်အသင်းနဲ့ပါ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကိုပါ ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီအတွင်း ဗီလာရီးယဲလ်အသင်းနဲ့အတူ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ခဲ့သေးတဲ့ ပါအူတောရက်စ်ကို ရီးယဲလ်အသင်းကနေ ခေါ်ယူသွားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင်(၅၁)သန်းခန့်လောက်နဲ့ ခေါ်ယူသွားနိုင်ဖွယ် ရှိနေတယ်လို့ El Gol Digital ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ဗီလာရီးယဲလ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ပါအူတောရက်စ်ဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကနေစတင်ပြီး ဗီလာရီးယဲလ် စီနီယာအသင်းမှာ စတင်ပါဝင်ခဲ့ရပေမယ့် နောက်ထပ်ဘောလုံးရာသီမှာတော့ မာလာဂါအသင်းဆီ တစ်ရာသီအငှားချခံရပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှသာ ဗီ်လာရီးယဲလ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အသင်းအတွက် ၂၀၁၉-၂၀၂၀ နဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် ပြိုင်ပွဲပေါင်း ပွဲစဉ်ပေါင်း(၈၀)အထိကို ပါဝင်ကစားထားနိုင်ခဲ့တဲ့ ပါအူတောရက်စ်ကို ရီးယဲလ်အပြင် ဥရောပကလပ်အသင်းများစွာကနေ စိတ်ဝင်စားခဲ့ကြပေမယ့် ကစားသမားက လက်ရှိအချိန်မှာ ခံစစ်ပိုင်းကို ပြန်လည်အင်အားဖြည့်တင်းသွားဖို့ လိုအပ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ရောက်ရှိဖို့က ပိုမိုဖြစ်နိုင်ခြေ များလျက်ရှိနေပါတယ်။ နွေစျေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒေးဗစ်အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ ရီးယဲလ်အသင်းဟာ လတ်တလောမှာလည်း အသင်းလက်မဲ့ ဖြစ်လျက်ရှိနေတဲ့ နာပိုလီ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နီကိုလာမက်ခ်စီမိုဗစ်ကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။