ဂျာမန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဩစတီးယား နောက်ခံလူ တစ်ဦးဖြစ်တဲ့ အလာဘာ ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဩစတီးယား လက်ရွေးစင် အလာဘာဟာ ဗဟိုခံစစ် ၊ ဘယ်နောက်ခံလူ ၊ ကွင်းလယ်ခံစစ် ၊ ဘယ်ခြမ်း ကွင်းလယ်တွေမှာ ကစားနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူပါ။

Photo Credit: Marca

အလာဘာဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်ရှိတော့သူ ဖြစ်တာကြောင့် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှ စတင်ကာ တခြားအသင်းတွေထံ ပြောင်းရွှေ့ဖို့ လွတ်လပ်စွာ ဆွေးနွေးနိုင်တဲ့ အခွင့်အရေးကို ရရှိထားသူပါ။ လက်ရှိမှာတော့ အလာဘာကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်း ၊ စပိန် အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ အသင်း ၊ ရီးရဲလ်မက်ဒရစ် အသင်း ၊ အင်္ဂလန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီး အသင်းတို့က စိတ်ဝင်စား နေကြပြီး စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အလာဘာကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ် အသင်းဟာ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သိရပါတယ်။

Photo Credit: Marca

စပိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ မာကာ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ အလာဘာဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် အလွန်အမင်း စိတ်ဝင်စားနေသလို သဘောတူညီမှုပါ ရရှိထားပြီး အလာဘာဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ၄နှစ်စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း သိရှိ ထားရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုကလည်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အလာဘာတို့ရဲ့ သတင်းကို အတည်ပြု ပေးထားပြီး ရီးရဲလ်မက်ဒရစ် အသင်းဟာ အလာဘာကို တစ်နှစ်လုပ်ခ ယူရို ၁၀သန်း ပေးချေကာ ၄နှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ကြောင်း ပြောကြားထားသလို မကြာခင် ရက်ပိုင်း အတွင်းမှာ အလာဘာဟာ သူ့ရဲ့ အနာဂတ်အသင်းကို ကြေညာတော့မှာ ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။