အသင်းနဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်အထိ ဖြတ်သန်းခဲ့ပြီးမှ အဆင်မပြေမှုတွေများစွာနဲ့ ကြုံတွေ့လာခဲ့ရလို့ အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချလာခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခွင့်ရအောင် တောင်းဆိုလာခဲ့ပေမယ့်လည်း သူနဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ကတော့ မက်ဆီကို ဘာစီလိုနာအသင်းကနေရော စပိန်လာလီဂါပြိုင်ပွဲကနေပါ မထွက်ခွာစေလိုဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : BBC

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမားမက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆုဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသလို အသင်းတာဝန်ရှိသူတွေ အသင်းအပေါ် စီမံခန့်ခွဲမှုတွေအပေါ်မှာလည်း အတော်လေးကို စိတ်ပျက်လာခဲ့တာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုလာခဲ့ရတာဖြစ်ပါတယ်။ ဒီသတင်းကလည်း ဘောလုံးရပ်ဝန်းတစ်ခုလုံးကို အတော်လေးကို ရိုက်ခတ်သွားစေခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ပရိသတ်တွေကတော့ သူတို့အသင်းကနေ သူတို့ရဲ့အချစ်တော်ကစားသမားကို မထွက်ခွာဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

Photo Credit : Goal

မက်ဆီလို ကမ္ဘာအကောင်းဆုံး ဘောလုံးသမားတစ်ယောက်ကို ဘာစီလိုနာအသင်းရဲ့ပရိသတ်တွေအနေနဲ့ အသင်းကနေ လုံးဝကို ထွက်ခွာစေလိုမှာမဟုတ်သလို မက်ဆီနဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ရတဲ့ စပိန်လာလီဂါ ကစားသမားတွေကလည်း မက်ဆီလို ကစားသမားမျိုးကို သူတို့လိဂ်မှာသာ ဆက်လက်ရှိနေစေချင်နေကြပါတယ်။ ဒီထဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံလူကြီး ရာမို့စ်လည်း ပါဝင်လို့နေပြီး အယ်ဂလက်စီကိုဒါဘီပွဲတိုင်းမှာ မက်ဆီနဲ့ ထိပ်တိုက်ယှဉ်ပြိုင်မှုတွွေ ရှိခဲ့ပေမယ့်လည်း သူကတော့ မက်ဆီကို ဘာစီလိုနာကစားသမားအဖြစ်နဲ့ပဲ ဆက်လက်မြင်တွေ့ချင်နေတယ်လို့ Marca သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ ရာမို့စ်က “ဒါတွေက ကျွန်တော်တို့အတွက် အာရုံစိုက်စရာ အကြောင်းအရာတွေ မဟုတ်ဘူးဆိုပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ သူရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ဖို့အတွက် သူ့မှာလုပ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်။ စပိန်ဘောလုံးလောကအတွက်နဲ့ ဘာစီလိုနာအသင်းအတွက် ကျွန်တော်ကတော့ သူ့ကို ဒီမှာဆက်လက်ရှိနေစေချင်တယ်။ ကျွန်တော်တို့ လိဂ်ကိုလည်း အကောင်းဆုံးကစားသမားတွေနဲ့ပဲ ဖွဲ့စည်းထားချင်ပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။