စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားလို့ ဆိုရမယ့် အမ်ဘာပေကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ဘဏ္ဏာရေး အခက်အခဲကြောင့် ခေါ်ယူနိုင်မှာ မဟုတ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရှိနေတဲ့ စီနီယာ ကစားသမား အများစုဟာ အသက် ၃၀ကျော် အရွယ်ကို ရောက်ရှိနေကြပြီ ဖြစ်တာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ ပေါ်လစီအတိုင်း ကြေးမြင့်တဲ့ ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်ဖို့ ရေပန်းစား နေပါတယ်။

Photo Credit: Goal

လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ထိပ်သီး ပစ်မှတ်တွေဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေ ၊ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်း ၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာ ၊ ရန်းနက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါတို့ ဖြစ်ကြောင်း သိထားရပြီး ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အဆိုပါ ကစားသမား လေးဦးအနက် နှစ်ဦးကို မဖြစ်မနေ ခေါ်ယူဖွယ် ရှိပါတယ်။ ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Le Parisien သတင်းဌာနရဲ့ အဆိုအရတော့ ရီးရဲလ် မက်ဒရစ် အသင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှာ ဝင်ငွေတွေ လျော့ကျ သွားတာကြောင့် သူတို့အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေအရ အမ်ဘာပေလို ပေါင် ၂၀၀သန်းခန့် ပေးချေရမယ့် ကစားသမား ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်မှာ မဟုတ်ပဲ သူ့အစား ဟာလန်း ၊ ပေါ့ဘာနဲ့ ကာမာဗင်ဂါတို့ သုံးဦးထဲက နှစ်ဦးကိုသာ ခေါ်ယူသွားဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Goald

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေဟာ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်မယ့်သူ အဖြစ် ထင်ကြေးပေး ခံထားရသလို လက်ရှိ အချိန်မှာလည်း ကမ္ဘာ့အကောင်းဆုံး ဆယ်ဦး စာရင်းဝင် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ အသက်အရွယ် အရ ငယ်ရွယ်သေးသလို ခြေစွမ်းပိုင်း မှာလည်း အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိတာကြောင့် အမ်ဘာပေရဲ့ လက်ရှိ တန်ကြေးဟာ ယူရို ၂၀၀သန်း ဝန်းကျင် ရှိပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အနိမ့်ဆုံး ယူရို ၁၆၀သန်းခန့် သုံးစွဲရမှာ ဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ ဟာလန်း ၊ ပေါ့ဘာ ၊ ကာမာဗင်ဂါတို့ သုံးဦးထဲက နှစ်ဦးကို ခေါ်ယူနိုင်တဲ့ ငွေကြေး ပမာဏ ဖြစ်တာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ အမ်ဘာပေကို ခေါ်ယူနိုင်ဖွယ် မရှိကြောင်း သုံးသပ်လိုက်ပါရစေ…။