မော်ရိုကိုလက်ရွေးစင် နောက်ခံအစွန်လူ ကစားသမားလေး ဟာခီမီကတော့ သူ့ကို နေရာမပေးနိုင်သေးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဒေါ့မွန်အသင်းဆီကို အငှားနဲ့ ထွက်ခွာကစားခဲ့တာဆိုရင် ဘောလုံးရာသီ(၂)ခုတောင် ရှိပါတော့မယ်။ (၂)ရာသီ အငှားစာချုပ် ပြည့်သွားရင်တော့ ဟာခီမီကို ဒေါ့မွန်အသင်းဘက်ကနေ ဟာခီမီကို အပြီးသတ်ခေါ်ယူချင်နေပေမယ့် သူရဲ့ မူလအသင်းဖြစ်တဲ့ ရီးရဲလ်ကနေ အသင်းမှာ နေရာပေးသွားဖို့ အစီအစဉ်ရှိနေတာကြောင့် ပြန်လည်ခေါ်ဆောင်ဖို့သာများနေပြီး ဒေါ့မွန်ဘက်က ကမ်းလှမ်းမှုတွေ ပယ်ချဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

ဒါပေမယ့် ရီးရဲလ်က ဟာခီမီကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖြစ်ရင်တောင်မှ ညာခြမ်းခံစစ်နေရာမှာတော့ လက်ရှိ အသင်းရဲ့ ညာနောက်ခံလူ ကာဗာဂျယ်ကိုသာ ဆက်လက်ဦးစားပေး အသုံးပြုဖွယ်ရှိလို့ ဟာခီမီအနေနဲ့ ရီးရဲလ်မှာ ပုံမှန်နေရာရဦးမှာ မဟုတ်သလို ပွဲထွက်ခွင့်တွေ နည်းပါးနေနနိုင်ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရီးရဲလ်က သူတို့အတွက် အကျိုးရှိမယ့် အစီအစဉ်တစ်ခုကို လုပ်ဆောင်လာဖွယ်ရှိနေကာ သူတို့အလိုရှိနေတဲ့ တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို ဒေါ့မွန်ကနေ ခေါ်ယူနိုင်ဖို့အတွက် ဟာခီမီကို အသုံးချလာနိုင်ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှာ ဝါရင့်တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာကိုပဲ ဆက်တိုက်အသုံးပြုနေရာကနေ ဒီကစားသမားကြီး အကျပိုင်းရောက်လာချိန်မှာ အစားထိုးနိုင်ဖို့အတွက် ဟာလန်းနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးလေးဘာပေတို့ကို ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်အနေနဲ့ ဒီကစားသမားတွေကို လာမယ့်နွေစျေးကွက်အတွင်း ခေါ်ယူနိုင်ဦးမှာ မဟုတ်သေးပဲ ဟာလန်းကိုတော့ လာမယ့်၂၀၂၂ခုနှစ်မှသာ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်တွေအရ ဟာလန်းရဲဲ့ စာချုပ်ဖျက်သိမ်းခြင်းက ဒေါ့မွန်နဲ့ (၂)နှစ်ကြာ ပါဝင်ကစားပြီးမှ စတင်သက်ရောက်မှာဖြစ်လို့ပါပဲ။ ဟာလန်းဟာ ဒေါ့မွန်ကို ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ပြီးခဲ့တဲ့ ဆောင်းရာသီကမှ ပေါင်(၁၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းမှာ (၁၃)ပွဲ (၁၃)ဂိုးအထိ သွင်းယူထားလို့ သူ့ကို ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ် ပီအက်စ်ဂျီနဲ့ ပရီးမီးယားလိဂ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြရတာဖြစ်ပါတယ်။