ဝေဖန်ပြစ်တင်မှုတွေ ရှုတ်ချခံရမှုတွေ သတိပေးခံရမှုတွေနဲ့ ခြိမ်းခြောက်ခံရမှုတွေကြားကနေ မကြာခင်မှာပဲ စတင်ကျင်းပသွားတော့မယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲရဲ့ ပထမဦးဆုံး ပြိုင်ပွဲကျင်းပရေး ဥက္ကဌအဖြစ် ဆောင်ရွှက်သွားတော့မယ့် ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က ဥရောပစူပါလိဂ်ပြိုင်ပွဲဟာ လူအများ ထင်မြင်နေကြသလို ဘောလုံးလောကကို ဖျက်ဆီးနေတာမဟုတ်ပဲ ဘောလုံးလောကကို ကယ်တင်နေခြင်းသာဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့လက်အောက်မှာ ကျင်းပနေတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကနေ ခွဲထွက်ပြီး ဥရောပထိပ်တန်း ကလပ်အသင်းတွေပဲ စုစည်းကျင်းပသွားမယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲအကြောင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ စတင်ထုတ်ပြန်ခဲ့ပြီး အသင်း(၂၀)နဲ့ ပြိုင်ပွဲကို လာမယ့်ဘောလုံးရာသီမှာပဲ ကျင်းပသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ဂယက်ကြောင့် ဝင်ငွေတွေ ထိုးကျနေတဲ့ ဘောလုံးအသင်းအတွက် မက်မောလောက်စရာ ဝင်ငွေတွေ ပြန်လည်ရရှိနိုင်မယ့် ပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက် ဘောလုံးလောကကို အကျိုးပြုတဲ့ ပြိုင်ပွဲသာ ဖြစ်လာလိမ့်မယ်လို့ ပြိုင်ပွဲဥက္ကဌ ပီရက်ဇ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ပီရက်ဇ်က “ကျွန်တော်တို့တွေ ဒါကို စီစဉ်လာခဲ့ရခြင်းက ငွေကြေးပိုင်းမှာ တော်ရုံသင့်ရုံလောက်ပဲ ရှိနေတဲ့ ကလပ်အသင်းတွေကို ကယ်တင်ဖို့ အခွင့်အရေးတွေ မပျောက်ဆုံးသေးခင်မှာ အချိန်မီ ကယ်တင်နိုင်ဖို့အတွက်ပါပဲ။ ဒါက လူတိုင်းကို ကယ်တင်နိုင်မှာပါ။ ဘောလုံးလောကက အခုဆိုရင် အလွန်ကို ချည့်နဲ့တဲ့ ကာလကို ဖြတ်သန်းနေရပါတယ်။ နှစ်ပေါင်း(၂၀)အတွင်းမှာ အဆိုးရွှားဆုံး ကာလတစ်ခုပါပဲ။ ဒါက ပျောက်ကွယ်သွားမှာ မဟုတ်ပေမယ့်လည်း လူငယ်ကြယ်ပွင့်တွေရဲ့ စိတ်ဝင်စားမှုကို မရရှိတော့ဘူးဆိုရင်တော့ အခြားအဆင့်ကို ကျဆင်းသွားနိုင်တယ်။ ကျွန်တော်တို့က ဘောလုံးလောကရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေတာပါ။ ဒါကို အလေးအနက် မထားကြတဲ့ လူတွေကလည်း များစွာကို ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကဘောလုံးနယ်ပယ်အတွင်းက အလွှာတိုင်းကို ကူညီသွားမှာဖြစ်ပြီးတော့ ဘောလုံးလောကကိုလည်း ဒီကမ္ဘာကြီးရဲ့ မှန်ကန်တဲ့ နေရာတစ်ခုဆီ ရောက်လာဖို့အတွက်ကိုပါ ဆောင်ရွှက်သွားမှာပါ။ ဘောလုံးအားကစားဆိုတာ ကမ္ဘာပေါ်မှာ အားပေးသူပေါင်း (၄)ဘီလီယံကျော်လောက်ရှိနေတဲ့ တစ်ခုတည်းသော အားကစားနည်းဖြစ်ပြီး ထိပ်တန်းကလပ်အသင်းကြီးတွေအနေနဲ့ ကျွန်တော်တို့ တာဝန်ယူနိုင်တာကတော့ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို တုံ့ပြန်ပေးသွားဖို့ပါပဲ” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။