ရီးရဲလ် ကွင်းလယ်လူ မိုဒရစ်ကတော့ လက်ရှိရာသီမှာ လာလီဂါ ဆုဖလားကို ရရှိခဲ့ပြီးတဲ့နောက် ရီးရဲလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒို မရှိလည်း ဆုဖလား ဆက်ရနိုင်မယ် ဆိုတာကို သိနေခဲ့တယ်လို့ Sportske Novosti နဲ့ အမေးအဖြေ ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ဘာနေဗျူကွင်းမှာ ဗီလာရီးရဲလ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင် ရရှိခဲ့ပြီးတဲ့နောက် အသင်းရဲ့ သမိုင်းမှာ (၃၄) ကြိမ်မြောက် လာလီဂါ ဆုဖလားကို ရရှိသွားခဲ့တာ ဖြစ်ပြီး (၂၀၁၇) ခုနှစ်နောက်ပိုင်း လာလီဂါ ဆုဖလားကို ပထမဆုံး အကြိမ် ပြန်လည် ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ရီးရဲလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ထွက်သွားပြီးနောက် အသင်းရဲ့ နည်းပြဟောင်း နည်းပြ ဇီဒန်းကို အသင်းရဲ့ နည်းပြ အဖြစ် ဒုတိယ အကြိမ် ပြန်လည်ခန့်အပ်ခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ရီးရဲလ်အသင်းမှာ ကစားခဲ့စဉ်က ဆုဖလားတွေ များစွာ ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းမှာ ကစားခဲ့စဉ်က ရီးရဲလ်အသင်းရဲ့ သမိုင်းမှာ သွင်းဂိုး အများဆုံး အဖြစ် သမိုင်းဝင်သွားခဲ့ပြီး ကွင်းလယ်လူ မိုဒရစ်ကတော့ ရော်နယ်ဒိုအနေနဲ့ ဂျုဗင်တပ်အသင်းကို ပြောင်းပြီးနောက် သူ မရှိလည်း ဆုဖလား ဆက်ရနိုင်မယ် ဆိုတာကို သိနေခဲ့ပါတယ်လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

မိုဒရစ်ဟာ Sportske Novosti မှာ ရော်နယ်ဒိုရဲ့ အသင်းကနေ ထွက်ခွာမှုက ရီးရဲလ် ကစားသမားတွေရဲ့ နိုင်လိုစိတ်ကို သက်ရောက်မှု ရှိသလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ရော်နယ်ဒိုက ရီးရဲလ်အသင်း အတွက် ဘယ်လို အရေးကြီးသလဲ ဆိုတာ ဆွေးနွေးဖို့ မလိုပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောနိုင်တာက သူ မရှိလို့ တူညီတဲ့ ရည်မှန်းချက် မရှိနိုင်ဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ သူ မရှိလည်း ဆုဖလားတွေ ဆက်ရနိုင်မယ် ဆိုတာကို ကျွန်တော်တို့ သိနေခဲ့ပါတယ်”လို့ သတင်းထောက်ကို ဖြေကြားသွားပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရရှိသွားမယ် ဆိုရင် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဂျုဗင်တပ်အသင်းနဲ့ ထိပ်တိုက် တွေ့နိုင်ချေရှိပြီး ဂျုဗင်တပ်အသင်းကတော့ ချန်ပီယံလိဂ် (၁၆) အသင်း ဒုတိယအကျော့ ပွဲစဉ်မှာ လိုင်ယွန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။