အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးကွင်းကို အကြီးစား ပြင်ဆင်တည်ဆောက်မှုတွေ လုပ်ဆောင်နေခြင်းကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ နွေစျေးကွက်နဲ့ ဒီနှစ်ဘောလုံးရာသီ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ယူရို(၃၁)သန်းဝန်းကျင်ခန့်သာ အသုံးပြုထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာတော့ အသင်းအတွက် ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ လုပ်ဆောင်ဖို့ ရှိနေပြီး ဘာပေ ဟာလန်းတို့လို ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူသွားဖို့ စီစဉ်ထားလျက် ရှိနေပါတယ်။

Photo Credit : Daily Express

ရီးယဲလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ ဟာဇက် ဗင်နီစီယပ်စ် ရိုဒရီဂို ဘေးလ် ယိုဗစ် အဆန်စီယိုနဲ့ ဒီယက်ဇ်တို့ ရှိနေပေမယ့်လည်း ဟာဇက် ဘေးလ် ယိုဗစ် ဒီယက်ဇ်တို့က အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေသလို ဘန်ဇီမာကလည်း လာမယ့်နှစ်မှာပဲ အသက်(၃၅)နှစ် ပြည့်မြောက်တော့မှာဖြစ်လို့ အထောင်တိုက်စစ် နေရာအတွက် ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်းကို အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးယဲလ်အသင်းဟာ ဟာလန်းနဲ့အတူ နောက်ထပ် လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေးဖြစ်တဲ့ ကီလီယန်အမ်ဘာပေကိုပါ ပစ်မှတ်ထားလို့နေပြီး လာမယ့်နွေမှာပဲ ဒီကစားသမား(၂)ယောက်လုံးကို အရခေါ်ယူဖွယ်ပါ ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၂၁)နှစ်သာ ရှိသေးတဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဆာလ်ဇ်ဘာ့ဂ်ကကနေ ဒေါ့မွန်အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ (၇၄)ပွဲမှာ (၇၆)ဂိုးအထိကို သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဘွန်ဒစ်လီဂါသွင်းဂိုး (၁၃)ဂိုး အပါအဝင် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၁၉)ဂိုးထိ သွင်းယူထားတဲ့ ဟာလန်းဟာ ဒီရာသီအကုန်မှာပဲ သူရဲ့ ယူရို(၇၅)သန်းတန် စာချုပ်ဖျက်သိမ်းကြေးက စတင်အသက်ဝင်လာတော့မှာ ဖြစ်တဲ့အတွက် ဟာလန်းကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေက လာမယ့်နွေမှာ ဟာလန်းကို အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။ ဒီအသင်းတွေထဲမှာ ရီးယဲလ်အသင်းလည်း ပါဝင်နေပြီး ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်ဟာလည်း ဒေါ့မွန်အသင်းရဲ့ စီးအီးအိုနဲ့ပါ ေကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်ထားတာဖြစ်ပြီး ရီးယဲလ်ဘက်ကနေလည်း သူတို့ရဲ့ ကစားသမားတွေကို ဒေါ့မွန်အသင်းဘက်ဆီ အငှားချပေးတာမျိုးတွေ ရှိထားခဲ့တဲ့အတွက် ဟာလန်းနဲ့ ရီးယဲလ်တို့ရဲ့ အပြောင်းအရွှေ့က ဖြစ်လာနိုင်ခြေ ရှိနေရပါတယ်။ ဟာလန်းကိုယ်တိုင် ပရီးမီးယားလိဂ်ထက် လာလီဂါပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ပိုမိုစိတ်အားထက်သန်နေတာသလို ရီးယဲလ်ဘက်ကလည်း ဟာလန်းအတွက် မြင့်မားတဲ့ လုပ်ခလစာမျိုး ပေးချေနိုင်တဲ့ အသင်းမျိုး ဖြစ်နေတာကြောင့် ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။