မနေ့ညက ကစားသွားခဲ့တဲ့ အက်စပန်ညိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ဧည့်သည်ရီးရဲလ်အသင်းက ကွင်းလယ်လူကတ်စ်မဲလ်ရိုးရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ နိုင်ပွဲရခဲ့လို့ အမှတ်ပေးဇယား အဆင့်(၂)နေရာက ဘာစီလိုနာအသင်းကို ရမှတ်(၂)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့သလို အဆင့်(၅)နေရာမှာရှိနေတဲ့ ဗီလာရီးရဲလ်အသင်းနဲ့လည်း ရမှတ်(၂၀)အထိ ကွာဟသွားခဲ့ပြီဖြစ်လို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Bleacher Report

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရမယ့် (၁၀)မြောက်အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး သူတို့အသင်းအရှေ့မှာတော့ အသင်း(၉)သင်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို စောစောစီးစီးပဲ တရားဝင်ရရှိထားခဲ့တာဖြစ်ပါတယ်။

(၁) ပီအက်စ်ဂျီ (ပြင်သစ်လီဂူးချန်ပီယံ)

(၂) မာဆေးလ် (ပြင်သစ်လီဂူးဒုတိယ)

(၃) ဘိုင်ယန်မြူးနစ် (ဘွန်ဒစ်လီဂါချန်ပီယံ)

(၄) ဒေါ့မွန် (ဘွန်ဒစ်လီဂါဒုတိယ)

(၅) လိုက်ပ်ဇစ် (ဘွန်ဒစ်လီဂါတတိယ)

(၆) မိုချန်ဂလာဘတ် (ဘွန်ဒစ်လီဂါစတုတ္ထ)

(၇) လီဗာပူးလ် (ပရီးမီးယားလိဂ်ချန်ပီယံ)

(၈) ကလပ်ဘရုချ် (ဘယ်ဂျီယံချန်ပီယံ)

(၉) ရှက်တာဒိုးနက် (ယူကရိန်းချန်ပီယံ)

(၁၀) ရီးရဲလ်မက်ဒရစ် (လာလီဂါထိပ်ဆုံးအသင်း)

Photo Credit : Bleacher Report

လက်ရှိမှာတော့ ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေပြိုင်ပွဲတွေ ဆက်လက်ကျင်းပနေသေးသလို တချို့အမှတ်ပေးလိဂ်တွေကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေအားလုံး မပြီးဆုံးခင်မှာ ရာသီသိမ်းလိုက်ရတဲ့အတွက် ဘယ်အသင်းတွေ ချန်ပီယံလိဂ်ဝင်ခွင့်ရမလဲဆိုတာကို သေချာမဆုံးဖြတ်ရသေးပဲ ဖြစ်နေပါတယ်။ နောက်ပြီး စိတ်ဝင်စားစရာကောင်းတာက ပရီးမီးယားလိဂ်မှာ အဆင့်(၂)နေရာကို ပိုင်ဆိုင်ထားတဲ့ မန်စီးတီးကလည်း FFP စည်းမျဉ်းကြောင့် ချန်ပီယံလိဂ်ကနေ Ban ခံထားရတဲ့အပေါ် နိုင်ငံတကာ အားကစားခုံရုံဆီ အယူခံဝင်ထားတာ အောင်မြင်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပြီး တကယ်လို့သာ မအောင်မြင်ခဲ့ရင် ဘယ်လိုတွေ ဆက်လက်လုပ်ဆောင်ကြမလဲဆိုတာကလည်း စောင့်ကြည့်သွားရမှာပါ။