ဒီကနေ့ ဇွန်လ(၁၉)ရက်နေ့ရဲ့မနက်အစောပိုင်း (၂)နာရီခွဲအချိန်မှာတော့ စပိန်လာလီဂါပွဲစဉ်(၂၉)ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံခဲ့ရာ အတော်လေးကို အကြိတ်အနယ်ရှိခဲ့ရပြီး ရီးရဲလ်က ဒုတိယပိုင်းအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ ဗလင်စီယာကို (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရီးရဲလ်အသင်းဘက်မှာတော့ ဘန်ဇီမာ ဟာဇက် ကရူးစ် ကတ်စ်မဲလ်ရိုး မိုဒရစ် ဗယ်ဗာဒီ ဗာရန်း ရာမို့စ် မန်ဒီ ကာဗယ်ဟယ်နဲ့ ကော်တွိုက်စ်တို့ကို အသုံးပြုလာခဲ့ပြီး ဗလင်စီယာကတော့ ရိုဒရီဂို ဂိုးမက်် ဖာရန်တောရက်စ် ပါရီဟို ကွန်ဒေါ့ဘီယာ ဆိုလာ ဝက်စ် ဆန်မာတင် မန်ဂလာ ဂါယာနဲ့ ဆီလက်စ်ဆန်တို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲက ထိပ်သီးအသင်း(၂)သင်း တွေ့ဆုံတဲ့ပွဲဖြစ်တာကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ရီးရဲလ်က ဂိုးကန်သွင်းခွင့်တွေ ပိုမိုပိုင်ဆိုင်ခဲ့ပေမယ့် ဗလင်စီယာဂိုးသမား ဆီလက်စ်ဆန် လက်စွမ်းပြနေလို့သာ သွင်းဂိုးမရခဲ့သလို ဗလင်စီယာဘက်ကလည်း (၂၁)မိနစ်မှာ အဖွင့်ဂိုး ပိုင်ဆိုင်ခဲ့ပေမယ့် VAR မှာ လူကျွံနေတယ်လို့ ညွှန်ပြနေတဲ့အတွက် ပယ်ဖျက်ခံခဲ့ရသလို အဲ့ဒီဂိုးကို သွင်းယူပေးခဲ့တဲ့ ရိုဒရီဂိုရဲ့ အစောပိုင်းကန်ချက်က တိုင်ထိထွက်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းကပဲ တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ရင်းနဲ့ ပွဲကစားချိန်(၆၁)မိနစ်မှာ လိုအပ်နေတဲ့ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဂိုးကို အသင်းရဲ့ အဓိကတိုက်စစ်မှူး ဘန်ဇီမာက သွင်းယူခဲ့တာဖြစ်ပြီးတော့ ဟာဇက်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ (၇၄)မိနစ်မှာ ဒဏ်ရာကြောင့် ရက်ပိုင်းများစွာ အနားယူခဲ့ရတဲ့ အဆန်စီယို ရီးရဲလ်အတွက် ပြန်လည်ပါဝင်လာခဲ့ပြီး လူစားဝင်ပြီး (၂)မိနစ်အကြာမှာပဲ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကိုပါ ရယူသွားနိုင်ခဲ့ပါတယ်။ (၈၆)မိနစ်မှာလည်း ကောင်တာတိုက်စစ်ကနေ အဆန်စီယိုကနေ ဖန်တီးပေးခဲ့တာကို ဘန်ဇီမာက တတိယဂိုးအဖြစ် ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ တောင်ကိုရီးယား ဆယ်ကျော်သက်ကစားသမား လီကန်အင်းက ရာမို့စ်ကို ကစားပုံကြမ်းခဲ့လို့ ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့ပါတယ်။