ဒီနေ့ ဇူလိုင်လ(၁၇)ရက်နေ့ သောကြာနေ့မနက်အစောပိုင်း (၁)နာရီခွဲချိန်အချိန်မှာ စပိန်လာလီဂါ ပွဲစဉ်(၃၇)ရဲ့ ပွဲပေါင်း(၉)ပွဲကို တပြိုင်နက်တည်း ကျင်းပကစားစေခဲ့ပြီး လာလီဂါချန်ပီယံဆုကို ပိုင်ဆိုင်ဖို့ နီးစပ်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက သူတို့အသင်းကို အမြဲလိုလို ဒုက္ခပေးတတ်လေ့ရှိတဲ့ ဗီလာရီးရဲလ်အသင်းနဲ့ ဒီစတီဖာနိုကွင်းမှာ တွေ့ဆုံနေခဲ့ပြီး အိမ်ရှင်ရီးရဲလ်အသင်းကပဲ (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ကာ လာလီဂါချန်ပီယံဆုကိုလည်း ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရီးရဲလ်အသင်းက ၄-၄-၃ ကစားကွက်နဲ့အတူ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ဟာဇက်ကို ပွဲထွက်လူစာရင်းမှာ ပြန်လည်အသုံးပြုထားခဲ့ကာ ဘန်ဇီမာ ရိုဒရီဂို မိုဒရစ် ကတ်စ်မဲလ်ရိုး တိုနီကရူးစ် ကာဗာဟယ် ဗာရန်း ရာမို့စ် မန်ဒီနဲ့ ကော်တွိုက်စ်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ အဆင့်(၅)နေရာက ဗီလာရီးရဲလ်အသင်းကတော့ မော်ရီနို ဂိုးမက်ဇ် အန်ဒရီဖရန့် မော်လန်းစ် ချူကွီဇီ ပါအူတောရက်စ် ပန်နာ ဂတ်စ်ပါ ချီကလာ ကွန်တီလာ အဆန်ချိုတို့ ပါဝင်လာခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရလိုက်တာနဲ့ ချန်ပီယံဖြစ်မယ့် ရီးရဲလ်အသင်းက ပွဲအစပိုင်းမှာပဲ တိုက်စစ်ဆင်မှုတွေကို ဆက်တိုက်ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်ခဲ့ပေမယ့် အဆန်ချိုအတွက် Danger ဖြစ်လောက်တဲ့ ကန်ချက်တွေတော့ မဖြစ်စေခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန်(၂၉)မိနစ်မှာတော့ ဗီလာရီးရဲလ်ဘက်ကနေ အမှားကျူးလွန်မိရင်း အခွင့်အရေးရလာခဲ့တဲ့ ရီးရဲလ်တို့ လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အသင်းရဲ့အဓိက တိုက်စစ်ကစားသမား ဘန်ဇီမာက သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ပြိုင်ဘက်ဘာစီလိုနာအသင်းက အိုဆာဆူနာအသင်းကို အရေးနိမ့်ခဲ့တာဖြစ်လို့ ရီးရဲလ်အသင်းက ဒုတိယပိုင်းမှာ ကစားပုံကို ထိန်းကစားလာခဲ့ပေမယ့် ဗီလာရီးရဲလ်ဘက်ကလည်း ဟုတ်တိပတ်တိ ထိုးဖောက်မှုတွေ လုပ်ဆောင်လာနိုင်ခြင်းတော့ မရှိပါဘူး။ မိနစ်(၇၀)ကျော်မှာ အသင်းခေါင်းဆောင်ရာမို့စ် တိုက်စစ်ပိုင်းထိ ထိုးဖောက်ဝင်ရောက်လာမှုကနေ ရီးရဲလ်တို့ ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ရာမို့စ်ကနေ ပင်နယ်တီကို အဆုံးသတ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ပင်နယ်တီကို တန်းမကန်ပဲ Trick တစ်ခုနဲ့ ဘန်ဇီမာကန်ခွင့်ရအောင် ဖန်တီးပေးခဲ့ပေမယ့် ရာမို့စ်က ဘောလုံးကိုမထိခင်မှာပဲ ဘန်ဇီမာက ဧရိယာထဲကို ဝင်လာခဲ့လို့ ပင်နယ်တီ ထပ်ကန်ခိုင်းရာမှာ ဘန်ဇီမာကပဲ ထပ်မံကန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲခိန်(၈၄)မိနစ်မှာ လူစားဝင်ကစားသမား အီဘိုယာက ဗီလာရီးရဲလ်အတွက် ချေပဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ပေမယ့် နောက်ထပ်ချေပဂိုးတွေ မရှိတော့သလို ပြိုင်ဘက်ဘာစီလိုနာကလည်း အိုဆာဆူနာကို အိမ်ကွင်းကြီးမှာတောင် အရေးနိမ့်သွားခဲ့ရပါတယ်။