ဒီတစ်ပတ်မှာ ကျင်းပခဲ့တဲ့ လာလီဂါပွဲစဉ်(၃၀)အတွင်းက ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတို့ ပွဲစဉ်အပြီး နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဉ်အဖြစ် သတ်မှတ်ခံထားရတဲ့ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ လာလီဂါပွဲစဉ်မှာတော့ ရီးရဲလ်က (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရကာ ဘာစီလိုနာနဲ့ ရမှတ်တူ Head-to-Head အသာနဲ့ ဇယားထိပ်မှာ ရပ်တည်သွားခဲ့ရပါတယ်။

Photo Credit : Getty Image

အဝေးကွင်းမှာ လာရောက်ကစားခဲ့ရတဲ့ ရီးရဲလ်အသင်းက ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်လာခဲ့ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပွဲထွက်ကစားသမားအဖြစ် ပြန်လည်အသုံးပြုလာခဲ့သလို ဟာဇက်ကို အရန်ခုံမှာပဲ ထားရှိခဲ့ပါတယ်။ ပွဲထွက်လူစာရင်းမှာတော့ ဘန်ဇီမာ ဂျိမ်းစ် ဗင်နီဆီယပ်စ် ကရူး ဗယ်ဗာဒီ ကတ်စ်မဲလ်ရိုး ဗာရန်း ကာဗာဂျယ် မာဆယ်လို ရာမို့စ် ကော်တွိုက်စ်တို့ ပါဝင််လာခဲ့ပါတယ်။ အိမ်ရှင်ဘက်မှာတော့ အက်ဆက်စ် အော်ဒီဂွာ အိုယာဇာဘယ် မွန်နီရယ် လော်ရန်တေးတို့လို အမာခံကစားသမားတွေ ပါဝင်ထားခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ရီးရဲလ်ကပဲ ဖိအားပေးနိုင်ခဲ့ပြီး ဆိုစီဒက်ကတော့ နဂို Form မရနိုင်သေးပဲ ခံစစ်ကိုသာ အသားပေးကစားနေခဲ့ရပါတယ်။ ရီးရဲလ်မှာကလည်း တိုက်စစ်ပိုင်း အချိတ်အဆက်အားနည်းမှုကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဗင်နီဆီယပ်စ်ရဲ့ အတိုးအလှုပ်တွေကို လိုက်လံဟန့်တားရင်း ဆိုစီဒက်နောက်ခံလူ ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်မိလို့ ပင်နယ်တီကန်ခွင့်ပေးခဲ့ရာ ရာမို့စ်က အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ်။ ဆိုစီဒက်ကတော့ ပေးလိုက်ရတဲ့ဂိုးကို ပြန်လည်ချေပနိုင်ဖို့ ကြိုးစားရင်း မိနစ်(၆၀)အကျော်မှာ ယာနူဇိုက်ချေပဂိုးရခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရသလို တစ်ဆက်တည်းမှာပဲ ဘန်ဇီမာက ရီးရဲလ်အတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ (၈၄)မိနစ်မှာ မာရီနိုက ဆိုစီဒက်အတွက် ပြန်လည်သွင်းယူပြီး လက်ကျန်မိနစ်တွေကို အသက်သွင်းခဲ့ပေမယ့် နောက်ထပ်ချေပဂိုး ထပ်မရတော့ပဲ ရီးရဲလ်ကသာ နိုင်ပွဲဆက်သွားခဲ့ရပါတယ်။