ပြီးခဲ့တဲ့ ကြားရက်တုန်းက ကျင်းပခဲ့တဲ့ စပိန်ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်းဘာနေဗျူးမှာ ရီးရဲလ်ဆိုစီဒက်နဲ့ ရင်ဆိုင်ကစားခဲ့ရင်းနဲ့ ၃ဂိုး၄ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့မှာတော့ စပိန်လာလီဂါပွဲစဉ်(၂၃)အဖြစ် အိုအာဆူနာအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ပြီး ရီးရဲလ်က အိမ်ရှင်အသင်းကို ၁ဂိုး၄ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

၄-၃-၃ ကစားကွက်ကိုပဲ အမြဲသုံးစွဲနေတဲ့ ရီးရဲလ်အသင်းဟာ အခုပွဲမှာလည်း ဒီကစားကွက်ကိုပဲ ဆက်လက်အသုံးပြုလာခဲ့ကာ ဆိုစီဒက်နဲ့ပွဲမှာ လူစာရင်းကနေ ချန်လှပ်ထားခဲ့တဲ့ ကော်တိုအာ ဗာရန်း မိုဒရစ် ကတ်စ်မဲလ်ရိုး မန်ဒီနဲ့ အစ္စကိုတို့ကို ပြန်လည်အသုံးပြုလာခဲ့သလို ဒဏ်ရာကနေ ပြန်လည်သက်လာပြီဖြစ်တဲ့ ဘေးလ်ကိုလည်း ပွဲထွက်စာရင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။ ဒီကစားသမားတွေနဲ့အတူ ဘန်ဇီမာ ရာမို့စ် ကာဗာဟယ် ဗယ်ဗာဒီတို့ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။ ပထမပိုင်းအစမှာတော့ အိမ်ရှင်အိုအာဆူနာအသင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့လို့ မိနစ်၂၀နီးပါးလောက်အထိ ရီးရဲလ်ဘက်ကနေ ဘာမှမလုပ်နိုင်ခဲ့ပဲ ၁၄မိနစ်မှာပဲ ထောင့်ကန်ဘောကနေတစ်ဆင့် အူနိုင်းဂါဆီယာက အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ မမျှော်လင့်ပဲ သွင်းဂိုးပေးလိုက်ရပြီးနောက်မှာတော့ ရီးရဲလ်ကစားသမားတွေရဲ့ ကစားဟန်ကို လှန့်လိုက်သလို ဖြစ်သွားခဲ့ရကာ ဆက်တိုက်တိုက်စစ်ဆင်မှုတွေ ဖြစ်လာခဲ့ရပြီး ၃၃မိနစ်မှာ အစ္စကိုနဲ့ ၃၈မိနစ်မှာ ရာမို့စ်တို့က သွင်းဂိုးတွေ ဆက်တိုက်တွေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ အိမ်ရှင်အသင်းက ချေပဂိုးပြန်ရနိုင်အောင် ကြိုးစားလာခဲ့သလို ရီးရဲလ်အသင်းကလည်း ကျဉ်းမြောင်းနေတဲ့ အနိုင်ရလဒ်ကို ပြတ်သားဖို့အတွက် ကြိုးစားလာခဲ့လို့ ပွဲက ပိုပြီးတော့ကို ကြည့်ကောင်းလာခဲ့ပါတယ်။ ဂိုးလိုအပ်နေတဲ့ အိုအာဆူနာက ဂိုးပေါက်ကို ပိုခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တိုက်စစ်က အားနည်းမှုကြောင့် ဂိုးပေါက်တည့်မတ်ခြင်းပင်မရှိခဲ့ပဲ ဒီရာသီ လာလီဂါရဲ့အကောင်းဆုံးသော ခံစစ်တန်းကို ထိုးဖောက်ရခက်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယပိုင်းပြီးခါနီး ၈၃မိနစ်မှာတော့ ဘန်ဇီမာ တစ်ကိုယ်တော်ထိုးဖောက်လာရင်း ကန်သွင်းဖို့ အခွင့်မသင့်လို့ နောက်ကတတ်လာခဲ့တဲ့ လူစားဝင်ကစားသမား ဗက်ဇ်ကေးကို ထိုးပေးရင်း ဗက်ဇ်ကေးက အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမားဂျိုဗစ်က နောက်ထပ်အနိုင်သေချာစေမယ့် ပွဲသိမ်းအနိုင်ဂိုးကို ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းနိုင်ခဲ့ပါတယ်။