ပြန်လည်စတင်ကျင်းပနေပြီဖြစ်တဲ့ စပိန်လာလီဂါပြိုင်ပွဲရဲ့ ပွဲစဉ်(၂၈) တနင်္ဂနွေည နောက်ဆုံးပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အီဘာအသင်းတို့ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ရာ အိမ်ရှင်ရီးရဲလ်ရဲ့တိုက်စစ်စွမ်းရည် ထက်မြက်မှုကြောင့် အီဘာအသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး ဇယားထိပ်က ဘာစီလိုနာအသင်းကို ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရီးရဲလ်အသင်းက ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး လူစာရင်းမှာလည်း ဘန်ဇီမာ ဟာဇက် ရိုဒရီဂို ကရူးစ် ကတ်စ်မဲလ်ရိုး မိုဒရစ် မာဆယ်လို ရာမို့စ် ဗာရန်း ကာဗာဂျယ်နဲ့ ကော်တွိုက်စ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်း ရီးရဲလ်ရော အီဘာအသင်းပါ ဂိုးကန်သွင်းခွင့်တွေ ဆတူနီးပါးလောက် ရရှိခဲ့လို့ ဘောလုံးပိုင်ဆိုင်မှုမှာလည်း သိပ်မကွာခြားခဲ့ပါဘူး။ ဒါပေမယ့် ကွာခြားတာကတော့ တိုက်စစ်ဆင်ပုံ ထိရောက်မှုရှိတာနဲ့ အဆုံးသတ်ပိုင်းတွေဖြစ်ပြီး ပထမပိုင်းမှာရရှိခဲ့တဲ့ အဖွင့်ဂိုးနဲ့ တတိယဂိုးတို့ဆိုရင် လှပသေသပ်တဲ့ အဝေးကန်ချက်တွေ ဖြစ်နေခဲ့ပါတယ်။ ရီးရဲလ်အတွက် သွင်းဂိုးတွေကို (၄)မိနစ် (၃၀)မိနစ်နဲ့ (၃၇)မိနစ်တွေမှာ ကရူးစ် ရာမို့စ်နဲ့ မာဆယ်လိုတို့က သွင်းယူသွားခဲ့တာဖြစ်ပြီး ဟာဇက်လည်း အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဧည့်သည်အီဘာက ရီးရဲလ်အထနှေးနေတာကို အခွင့်ကောင်းယူနိုင်ဖို့အတွက် ထိုးဖောက်မှုတွေ လုပ်ဆောင်လာခဲ့ရာ ထိရောက်မှုရှိခဲ့ပြီး ဘစ်ဂတ်စ်က ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရပြီးနောက်မှာ ရီးရဲလ်က ဒုတိယပိုင်းမှာ အလုပ်သိပ်မဖြစ်တော့တဲ့ ရီဒရီဂိုနဲ့ဟာဇက်အစား ဘေးလ်နဲ့ဗင်နီစီယပ်စ်ကို လဲလှယ်ခဲ့သလို ရာမို့စ်ကိုလည်း မီလီတာအိုနဲ့ လူစားလဲခဲ့ပါတယ်။ ချေပဂိုးရပြီးနောက်မှာ အီဘာက ရီးရဲလ်ဘက်ကို ပိုမိုဖိအားပေးနိုင်ခဲ့ပေမယ့် ရီးရဲလ်က နောက်ထပ်ချေပဂိုးတွေ ထပ်မပေးရအောင် ထိန်းထိန်းသိမ်းသိမ်း ကစားနိုင်ခဲ့တာကြောင့် ရီးရဲလ်ကပဲ အနိုင်(၃)မှတ်ကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။