ကမ္ဘာပေါ်က ဘောလုံးပြိုင်ပွဲပေါင်းများစွာထဲကမှ ပြိုင်ဆိုင်မှုပြင်းထန်လှသလို ဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိထားတဲ့ အယ်ကလက်ကိုစီကိုဒါဘီရဲ့အားပြိုင်ပွဲကိုတော့ ဒီနေ့ည ဘာနေဗျူးကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အိမ်ရှင်ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ အကြိတ်အနယ်ကစားခဲ့ကြပြီး အိမ်ရှင်ရီးရဲလ်မက်ဒရစ်အသင်းက ၂ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

ဟာဇက် ဆွာရက်ဇ် ဒမ်ဘီလီ ဂါရတ်ဘေးလ်တို့ ထိပ်တန်းကစားသမားတွေ ပါဝင်နိုင်ခြင်းမရှိပေမယ့် အယ်ကလက်စီကိုဒါဘီရဲ့ဇာတ်ရှိန်ကတော့ ကြောက်ခမန်းလိလိကို စိတ်ဝင်စားစရာကောင်းခဲ့ရပြီး ပွဲအစကနေအဆုံးထိကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ အိမ်ရှင်အသင်းဘက်မှာတော့ ဘန်ဇီမာ ဗယ်ဗာဒီ အစ္စကို ကရူးစ် ဗင်နီဆီယပ်စ် ကတ်စ်မဲလ်ရိုး ကာဗာဂျယ် ဗာရန်း ရာမို့စ် မာဆယ်လို ကော်တိုအာတို့ ပါဝင်လာခဲ့ပြီး ဧည့်ခံဘာစီလိုနာကတော့ မက်ဆီ ဂရစ်ဇ်မန်း ဒီဂျောင် ဘူးစကတ်စ် အာသာ ဗီဒယ် အယ်ဘာ အမ်တီတီ ပီကေး ဆယ်မီဒိုနဲ့ စတီဂျန်တို့ ပါဝင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ သူတို့နှစ်သင်းကြားက ကွာဟချက်တွေ များမျာစားစား မရှိခဲ့ပေမယ့် ဘာစီလိုနာကတော့ ဘောလုံးပိုင်ဆိုင်မှုနဲ့ တိုက်စစ်ထိုးဖောက်မှုတွေမှာ ပုုိသာလွန်ခဲ့ပါတယ်။ ရီးရဲလ်ကတော့ ဘာစီလိုနာနည်းပါးလောက် တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့်လည်း သူတို့ရဲ့ကန်သွင်းချက််တွေက ဂိုးပေါက်လွဲချော်မှုတွေသာ ဖြစ်ခဲ့တာကြောင့် ပထမပိုင်းကို ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ အခြေအနေတွေအားလုံးက ပြောင်းလဲသွားခဲ့ရပြီး အဓိကတော့ ရီးရဲလ်အသင်းရဲ့ ကစားဟန်က ပိုမိုကောင်းမွန်လာခဲ့ကာ ဘာစီလိုနာကတော့ ဘောလုံးပိုင်ဆိုင်မှုကလောက်လွဲပြီး ဘာမှသိပ်မလုပ်နိုင်တော့သလို ဖြစ်သွားခဲ့ရပါတယ်။ ဒီလိုနဲ့ ရ၁မိနစ်မှာ ဗင်နီဆီယပ်စ်က ရီးရဲလ်အတွက် အဖွင့်ဂိုးစတင်သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးက ပီကေးနဲ့ထိသွားခဲ့တာဖြစ်လို့ ဘောလုံးလမ်းကြောင်း ကြိုတင်တွက်ဆထားတဲ့ စတီဂျန်ကို ငုတ်တုတ်မေ့စေခဲ့ရပါတယ်။ ပွဲမပြီးခင်လေး ချေပဂိုးပြန်ရအောင် လူစားလဲလှယ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် တကယ်တမ်း လူစားမှုကနေ အမြတ်ထွက်ခဲ့တာ ရီးရဲလ်သာဖြစ်ခဲ့ရပြီး ဘန်ဇီမာနေရာ ဝင်လာခဲ့တဲ့ အပယ်ခံကစားသမား မာရီယာနိုက ကွင်းထဲရောက်ပြီး သိပ်မကြာခင်မှာပဲ အသင်းကို အနိုင်သေချာစေမယ့် သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။