ဘာစီလိုနာအသင်းရဲ့ အမှတ်လျော့မှုတွေကို အကောင်းဆုံး အခွင့်အကောင်းယူထားနိုင်ခဲ့ကာ လာလီဂါချန်ပီယံဆုအတွက် ပိုမိုနီးကပ်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ အသင်းကြီးတွေနဲ့တွေ့တိုင်း ကစားရခက်လေ့ရှိတဲ့ ဘီလ်ဘာအိုအသင်းနဲ့ အဝေးကွင်းမှာ လာလီဂါပွဲကျပ်ပွဲစဉ်ကို ရင်ဆိုင်ကစားခဲ့ရပြီး ရီးရဲလ်အသင်းကပဲ တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းက ၄-၃-၃ ကစားကွက်နဲ့အတူ ဘန်ဇီမာ ရိုဒရီဂို အဆန်စီယို ဗယ်ဗာဒီ ကတ်စ်မဲလ်ရိုး မိုဒရစ် မာဆယ်လို မီလီတာအို ရာမို့စ် ကာဗာဟယ် ကော်တွိုက်စ်နဲ့ ပွဲထွက်လာခဲ့သလို အိမ်ရှင် ဘီလ်ဘာအိုအသင်းဘက်မှာလည်း ရာအူးဂါဆီယာ ဝီလီယံစ် ကော်ဒိုဘာ မူနီယာအင် လိုပက်ဇ် ဂါဆီယာ အယ်ဗာရက်ဇ် ကာပါ မာတီနက်ဇ် ဘာချီချီ ဆိုင်မွန်တို့ ပါဝင်လာခဲ့ပါတယ်။ ရီးရဲလ်ကို အိမ်ကွင်းဧည့်ခံကစားရတိုင်း ဒုက္ခပေးတတ်လေ့ရှိတဲ့ ဘီလ်ဘာအိုအသင်းဟာ ပထမပိုင်းမှာတင် ရီးရဲလ်ကို ခြေရည်တူ ကစားနိုင်ခဲ့ပြီး ရီးရဲလ်ကတော့ အခွင့်အရေးပိုရခဲ့ပါတယ်။ အဆန်စီယိုရဲ့ဖရီးကစ်ကို ဆိုင်မွန်ကာကွယ်နိုင်ခဲ့သလို ရိုဒရီဂိုနဲ့ ဘန်ဇီမာတို့ရဲ့ ခေါင်းတိုက်ချက်တွေလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပွဲအစမှာ ရီးရဲလ်အသင်းက ပိုမိုဖိအားပေးလာနိုင်ခဲ့ပေမယ့် ဘီလ်ဘာအိုကလည်း ခံစစ်ကို အကောင်းဆုံးတည်ဆောက်ထားပြီး ကောင်တာတိုက်စစ်တွေနဲ့ ပြန်လည်ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းပွဲစဉ်တွေအတွင်း ပင်နယ်တီတွေ တောက်လျှောက်ပိုင်ဆိုင်နေရတဲ့ ရီးရဲလ်အသင်းဟာ (၇၃)မိနစ်အရောက်မှာလည်း VAR ကြောင့် ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ရာမို့စ်က အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီသွင်းဂိုးနဲ့ပဲ ရီးရဲလ်အသင်း နိုင်ပွဲဆက်ခဲ့ရပါတယ်။