ဒီတစ်ပတ်မှာ ကစားကြမယ့် စပိန်လာလီဂါပွဲစဉ်(၂၂)ထဲကမှ ဘောလုံးချစ်သူပရိသတ်တွေ လုံးဝကို လက်မလွတ်တမ်း စောင့်ကြည့်သွားသင့်တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်ကို ဒီနေ့ည၉နာရီခွဲအချိန် ရီးရဲလ်မက်ဒရစ်အသင်းရဲ့အိမ်ကွင်း ဘာနေဗျူးမှာ ကျင်းပသွားခဲ့ပြီး အကြိတ်အနယ် ရေကုန်ရေခမ်းကစားခဲ့ကြရင်းနဲ့ အိမ်ရှင်ရီးရဲလ်မက်ဒရစ်က ဘန်ဇီမာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit : Getty Images

မကြာသေးခင်ကမှ စပိန်စူပါဖလားဖိုင်နယ်မှာ ဆုံတွေ့ထားတဲ့ ဒီအသင်းနှစ်သင်းရဲ့ လာလီဂါမှာ ပြန်လည်တွေ့ဆုံမှုက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းခဲ့ရပြီး အိမ်ရှင်ရော ဧည့်သည်အသင်းရဲ့ကစားအားတွေကပါ စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။ ရီးရဲလ်က ဘန်ဇီမာ အစ္စကို မိုဒရစ် ကရူးစ် ကတ်စ်မဲလ်ရိုး ဗယ်ဗာဒီ ဗာရန်း ရာမို့စ် မန်ဒီ ကာဗာဂျယ် ကော်တိုရစ်တို့နဲ့ ပွဲထွက်လာခဲ့သလို အေတီကိုကလည်း မိုရာတာ ကော်ရီယာ ဗွီတိုလို ဆာအူး သောမတ်စ် လော်ရန်တေး လိုဒီ ဖီလစ် ဆာဗစ် ဗာစ်ဂျယ်ကို အော့ဘလက်တို့ကို အသုံးပြုခဲ့ပါတယ်။ ပထမပိုင်းမှာ အိမ်ရှင်က ထိုးဖောက်မှု ဘောလုံးပိုင်ဆိုင်မှုတွေမှာ အသာရတယ်ဆိုပေမယ့်လည်း အေတီကိုရဲ့တုန့်ပြန်ကစားအားတွေကလည်း ရီးရဲလ်ခံစစ်ကို အလုပ်ရှပ်စေခဲ့ရပြီး ရာမို့စ်ရဲဲ့အကောင်းဆုံးရှင်းထုတ်မှုတွေကြောင့်သာ သွင်းဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ အသင်းနှစ်သင်းကြား ကွာဟချက်တွေ အရမ်းကြီးရှိမနေသလို ဂိုးသမားနှစ်ယောက်လုံးအတွက် အသေအလဲ ဖမ်းရမယ့် ဂိုးပေါက်တည့်ကန်ချက်တွေလည်း မရှိခဲ့ပါဘူး။ ၄၂မိနစ်မှာ ကော်ရီယာ အပိုင်အခွင့်အရေးကြီးကို ဖြုန်းတီးမိခဲ့တာကတော့ အေတီကိုအတွက် နစ်နာစရာဖြစ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ တိုက်စစ်ကစားပုံက သိပ်အားရစရာ အနေအထားမှာ ရှိမနေခဲ့တာကြောင့် ဒုတိယပိုင်းပြန်စချိန်မှာပဲ ဗက်ဇ်ကေးနဲ့ ဗင်နီဆီယပ်စ်တို့ကို ထည့်သွင်းကစားလာခဲ့ပြီး ရီးရဲလ်ကစားပုံမှာလည်း ပိုကောင်းလာခဲ့ရပါတယ်။ အေတီကိုကလည်း မိုရာတာကိုထုတ်ပြီး လူမာကို ထည့်သွင်းလာခဲ့ပေမယ့် ၅၆မိနစ်မှာတော့ ဗင်နီဆီယပ်စ် မန်ဒီတို့ရဲ့ တွဲလုံးကနေတစ်ဆင့် မန်ဒီခင်းပေးတာကို ဘန်ဇီမာက ပိတ်သွင်းပြီး အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအတွင်းမှာ အိမ်ရှင်အသင်းရဲ့ဖိအားပေးကစားမှုတွေကို ပိုမိုမြင်တွေ့လာခဲ့ရတာကြောင့် အေတီကိုက တရုတ်စူပါလိဂ်ကနေ ပြန်လည်ခေါ်ယူထားတဲ့ ကာရက်စ်ကိုကို ထည့်သွင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ချေပဂိုးပြန်လည်ရယူနိုင်ဖို့အတွက် မထိုးဖောက်နိုင်တော့တာကြောင့် ရီးရဲလ်ကပဲ နိုင်ပွဲရသွားခဲ့ပါတယ်။