ဒီနေ့ သောကြာနေ့ည (စနေနေ့မနက်) (၂)နာရီခွဲအချိန်မှာတော့ စပိန်လာလီဂါပွဲစဉ်(၃၅)ရဲ့ လက်ကျန်တစ်ပွဲတည်းသော ပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အလာဗက်စ်အသင်းတို့ဟာ ဒီစတီဖာနိုကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင်ရီးရဲလ်အသင်းကပဲ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Evening Standard

အိမ်ရှင်ရီးရဲလ်အသင်းဘက်မှာတော့ အဓိကနောက်ခံလူ(၂)ယောက်ဖြစ်တဲ့ ရာမို့စ်နဲ့ ကာဗာဟယ်တို့ ပွဲပယ်ခံထားရသလို မာဆယ်လိုမှာလည်း ဒဏ်ရာပြသာနာကြောင့် ဒီနေ့ပွဲကို လွဲချော်ခဲ့ရတဲ့အတွက် နောက်တန်းမှာ မန်ဒီ မီလီတာအို ဗာရန်းတို့အပြင် ဗက်ဇ်ကေးကိုပါ နောက်ခံအစွန်လူအဖြစ် အသုံးပြုလာခဲ့ရပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ ဘန်ဇီမာ ရိုဒရီဂို မိုဒရစ် အဆန်စီယို ကရူးစ် ကတ်စ်မဲလ်ရိုးနဲ့ ကော်တွိုက်စ်တို့ကို အသုံးပြုထားပါတယ်။ ပွဲအစပိုင်းမှာ တိုက်စစ်မှာ ဟိုဆေးလူ လူးကပ်ပီရက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့တဲ့ အလာဗက်စ်အသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို စတင်လုပ်ဆောင်လာခဲ့ပေမယ့် (၁၁)မိနစ်မှာတော့ မန်ဒီကို ဧရိယာထဲမှာ အဖြတ်ကြမ်းခဲ့လို့ဆိုပြီး ပင်နယ်တီသတ်မှတ်ပေးလာခဲ့ရာ ရာမို့စ်မပါဝင်လာတဲ့အတွက် ဘန်ဇီမာက ကန်သွင်းပြီး စတင်ဦးဆောင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပွဲကစားချိန် ပြန်လည်စတင်ပြီး (၅)မိနစ်အကြာမှာပဲ ရီးရဲလ်တို့ ဒုတိယမြောက်သွင်းဂိုးကို ထပ်မံပိုင်ဆိုင်သွားခဲ့ရပါတယ်။ ဘန်ဇီမာထိုးပေးလိုက်တာကို အဆန်စီယိုက သွင်းယူခဲ့ရာ ဘောလုံးက ဘန်ဇီမာခြေထောက်ထဲကို စတင်ရောက်ချိန်ကတည်းက လူကျွံနေတယ်ဆိုပြီး စည်းကြပ်ဒိုင်ဘက်ကနေ အချက်ပြခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက်မှာ သွင်းဂိုးအဖြစ်သာ သတ်မှတ်ပေးခဲ့ပါတယ်။