ပြိုင်ဘက်ဘာစီလိုနာအသင်းရဲ့ ရမှတ်ဆုံးရှံးမှုတွေကြောင့် လာလီဂါချန်ပီယံဆု မျှော်လင့်ခွင့်တွေ ပိုမိုအားကောင်းလာတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ညမှာတော့ လာလီဂါရဲ့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဂီတာဖေးအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အိမ်ရှင်အသင်းက တစ်ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘန်ဇီမာ အစ္စကို ဗင်နီဆီယပ်စ် မိုဒရစ် ကတ်စ်မဲလ်ရိုး ကရူးစ် ကာဗာဂျယ် ဗာရန်း ရာမို့စ် မန်ဒီ ကော်တွိုက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ပြိုင်ဘက်ဂီတာဖေးဘက်မှာတော့ မာတာ တီမောလ်တို့လို တိုက်စစ်ကစားသမားတွေနဲ့ ဦးဆေင်လာခဲ့ပါတယ်။ အိမ်ရှင်ရီးရဲလ်ရော ဂီတာဖေးအသင်းပါ လာလီဂါရဲ့ ခံစစ်အကောင်းဆုံးအသင်းတွေဖြစ်လို့ ခံစစ်ပိုင်းကို ဂရုတစိုက် ကစားလာခဲ့ရာ အထူးသဖြင့် ဂီတာဖေးခံစစ်နဲ့ ဂိုးသမားဆိုရီယာတို့ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့ကာ ပထမပိုင်းမှာပဲ ရီးရဲလ်ရဲ့ အပိုင်ကန်ချက် (၃)ကြိမ်လောက်ကို ဆိုရီယာက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂီတာဖေးဟာ ကောင်တာတိုက်စစ်ကနေလည်း ရီးရဲလ်ခံစစ်ကို ပြန်လည်ဒုက္ခပေးနိုင်သေးပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းအတွင်းမှာလည်း ဧည့်သည်ဂီတာဖေးအသင်းက တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့သလို မာတာရဲ့ဂိုးကန်ချက်မှာလည်း ဂိုးတိုင်ထိခဲ့လို့ နစ်နာခဲ့ရပါတယ်။ (၇၈)မိနစ်အရောက်မှာတော့ ညာခြမ်းကနေ တောက်လျှောက်ဆွဲပြေးလာတဲ့ ကာဗာဂျယ်ကို ဂီတာဖေးနောက်ခံလူ အဝင်ကြမ်းခဲ့တာကြောင့် ပင်နယ်တီသတ်မှတ်ခံခဲ့ရပြီး အသင်းခေါင်းဆောင်ရာမို့စ်က ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီဂိုးနဲ့ပဲ ရီးရဲလ်တို့ နိုင်ပွဲဆက်ခဲ့ရပါတယ်။