စပိန်လာလီဂါ အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ စီးတီးအသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ စပိန်လက်ရွေးစင် နောက်ခံလူ လာပေါ့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၇နှစ် အရွယ် ဗဟိုနောက်ခံလူ လာပေါ့တ်ဟာ ပြင်သစ်နိုင်ငံသား တဦး ဖြစ်ပေမယ့် ပြင်သစ်လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခြင်း မခံရတာကြောင့် မကြာသေးမီကမှ စပိန်နိုင်ငံကို ကိုယ်စားပြု ကစားဖို့ ရွေးချယ်ခဲ့သူ ဖြစ်ပြီး စပိန်လက်ရွေးစင် ဖြစ်သွားတဲ့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

Photo Credit: Fot Mob

စပိန်လက်ရွေးစင် နောက်ခံလူ လာပေါ့တ်ဟာ ၂၀၁၈ခုနှစ်မှာ စပိန်ကလပ် ဘီလ်ဘာအိုအသင်း ကနေ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၆၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ သူ့ကို ရောင်းထုတ်ဖို့ စတင် စဉ်းစားနေပါတယ်။ မန်ချက်စတာ စီးတီးအသင်းဟာ လက်ရှိမှာ ရူဘင်ဒီယက်ဇ်နဲ့ ဂျွန်စတုန်းတို့ရဲ့ ခံစစ်အတွဲကို အဓိက သုံးစွဲနေသလို မကြာခင်မှာ စတုန်းကို ကာလရှည် စာချုပ်တရပ် ကမ်းလှမ်းဖွယ် ရှိတာသလို နယ်သာလန် လက်ရွေးစင် နောက်ခံလူ နသန်အကီကိုလည်း ပိုင်ဆိုင်ထားတာကြောင့် လာပေါ့တ်လို တန်ကြေးမြင့် ဗဟိုနောက်ခံလူကို ရောင်းထုတ်ကာ အသင်းအတွက် ငွေကြေး အမြောက်အများကို ရှာဖွေချင်နေပါတယ်။

Photo Credit: Fot Mob

မန်ချက်စတာ စီးတီးအသင်းဟာ ဘဏ္ဍာရေးပိုင်း တောင့်တင်းတဲ့ အသင်းတသင်း ဖြစ်ပေမယ့် အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ်တွေ ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဂရီးလစ်ချ်တို့ကို ခေါ်ယူရာမှာ UEFAက ချမှတ်ထားတဲ့ FFP စည်းမျဉ်းနဲ့ ကိုက်ညီအောင် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတချို့ကို ရောင်းထုတ်ရမှာ ဖြစ်ပြီး လာပေါ့တ်ဟာ မန်ချက်စတာ စီးတီးအသင်းက ရောင်းထုတ်ချင်နေတဲ့ ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။ လာပေါ့တ်ကလည်း ပုံမှန် ပွဲထွက်ခွင့် တနေရာကို ရယူလိုတဲ့ ကစားသမား ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရပါက အသင်းပြောင်းဖို့ စဉ်းစားနေပြီး ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်သီး နောက်ခံလူ တဦးကို ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ လာပေါ့တ်ကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ စတင် ပြုလုပ်လာပါတယ်။ မန်ချက်စတာ စီးတီးအသင်း ကတော့ လာပေါ့တ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းခန့် လိုချင်နေပါတယ်။