ရီးယဲလ်မက်ဒရစ်အသင်းဟာ အရည်အသွေးမြင့် လူငယ်ကစားသမားလေးတစ်ဦးဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေရာ ဒီကစားသမားအတွက် ဒေါ့မွန်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်းတစ်ရာအတိုင်း ပေးချေ ကမ်းလှမ်းသွားဖို့ပါ ဆန္ဒရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Mail
အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ အသက်ငယ်ရွယ်သေးပေမယ့် သူရဲ့အရည်အချင်းတွေကြောင့် ဒေါ့မွန်မှာရော အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပုံမှန်နေရာ ရရှိလာခဲ့သလို ဥရောပထိပ်တန်း ကလပ်အသင်းတွေကလည်း ဘယ်လင်ဟမ်ကို ခေါ်ယူချင်လာခဲ့ပါတယ်။ ဘယ်လင်ဟမ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ ရီးယဲလ် လီဗာပူးလ် မန်စီးတီး ချယ်လ်ဆီးတို့ ပါဝင်နေခဲ့သလို ရီးယဲလ်အသင်းဆိုရင်လည်း လာမယ့်နွေမှာပဲ ဘယ်လင်ဟမ်ကို အရ ခေါ်ယူသွားဖို့အထိ ပြင်ဆင်လို့နေပါတယ်။
Photo Credit : Daily Mail
စပိန်နာမည်ကြီး သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Marca ရဲ့ ဖော်ပြချက်အရ ဘယ်လင်ဟမ်ကို ဒေါ့မွန်ဘက်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀) ပေါင်(၈၇.၇)သန်းနဲ့ လက်လွတ်သွားဖို့ အသင့်ရှိနေပြီး ရီးယဲလ်ဘက်ကလည်း ဒေါ့မွန်အလိုရှိနေတဲ့ ပမာဏအတိုင်းနဲ့ ကမ်းလှမ်းသွားဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ Marca ရဲ့ ဖော်ပြချက်တွေထဲမှာ ရီးယဲလ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ကြား ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှု လုပ်ဆောင်လျက် ရှိနေတာဟာ တစ်နှစ်ခန့်လောက်အထိပါ ရှိနေပြီဖြစ်ပြီး ဆွေးနွေးမှုတွေဟာလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတတ်နေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ မိုဒရစ် ကရူးစ်တို့ကို နောက်ထပ် ကာလရှည်ကြာ ဆက်သုံးလို့ မဖြစ်တော့တဲ့အတွက် သူတို့နေရာမှာ အစားထိုးဖို့ ကာမာဗင်ဂါ ချူအာမန်နီတို့လို လူငယ်ကြယ်ပွင့်လေးတွေ ခေါ်ယူအားဖြည့်ထားခဲ့သလို ဒီကစားသမားတွေထက်ပါ အသက်ငယ်ရွယ်သေးတဲ့ ဘယ်လင်ဟမ်ကိုလည်း ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရီးယဲလ်က ဒီကစားသမားလေးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်းတစ်ရာအထိ သုံးရမယ်ဆိုရင်တောင် လက်မနှေးပဲ အသုံးပြုသွားဖွယ် ရှိနိုင်ပါတယ်။