ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ကို လာမယ့်နှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အရ ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ကျော်လောက်အထိ သုံးစွဲသွားဖို့ အဆင့်သင့် ရှိနေတယ်လို့ ESPN သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်အရွယ်ရှိ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ ဘာမင်ဂမ်စီးတီးအသင်းမှာ ပါဝင်နေစဉ်ကတည်းက သူရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်အာရုံကိုပါ ဖမ်းစားနိုင်ခဲ့ပြီး ၂၀၂၀ခုနှစ်မှာပဲ ဒေါ့မွန်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိ ဒေါ့မွန်မှာ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတဲ့ ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ ဒေါ့မွန်အတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့သလို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် တောက်ပနိုင်ခဲ့တာကြောင့် သူ့ကို အသင်းကြီးတွေက ပိုမို အာရုံစိုက်လာခဲ့ပါတယ်။

Photo Credit : Football Espana

အသက်(၁၆)နှစ်အရွယ်လေးနဲ့ စီနီယာ ဘောလုံးသမားတစ်ဦးအဖြစ် စတင် ရပ်တည်လာခဲ့သူ ဘယ်လင်ဟမ်ဟာ နှစ်အနည်းငယ်လေးအတွင်းမှာပဲ သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို အားလုံးသိရှိလာအောင် ဖော်ပြနိုင်ခဲ့တာကြောင့် လာမယ့်နှစ် နွေဈေးကွက် ဖွင့်ချိန်မှာ သူ့ကို ရီးယဲလ်မက်ဒရစ် မန်စီးတီး လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့က ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်လာခဲ့ရပါတယ်။ အခုလည်း ESPN ရဲ့ သတင်းဖော်ပြချက်မှာ လာလီဂါထိပ်တန်း ရီးယဲလ်အသင်းက ဘယ်လင်ဟမ်အတွက် ယူရိုသန်းတစ်ရာကျော်လောက်အထိ သုံးစွဲသွားဖို့ အဆင့်သင့် ရှိနေတယ်လို့ ဖော်ပြလာပါတယ်။ ရီးယဲလ်အသင်းဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာပဲ ပြင်သစ် လူငယ်ကြယ်ပွင့်လေး ချူအာမန်နီကို မိုနာကိုအသင်းကနေ ယူရိုသန်း(၈၀)နဲ့ ခေါ်ယူထားခဲ့ပြီး ချူအာမန်နီ မတိုင်ခင်ကလည်း နောက်ထပ် လူငယ် ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါကိုပါ ခေါ်ယူထားခဲ့ပါတယ်။ အသင်းရဲ့ ကွင်းလယ်မှာ ကက်စီမီရို မရှိတော့တဲ့နောက် မိုဒရစ် ကရူးစ်တို့ကလည်း အသက်အရွယ်အရ အကျပိုင်းကို ရောက်လာနေပြီဖြစ်လို့ ကွင်းလယ်မှာ ကာမာဗင်ဂါ ချူအာမန်နီ ဗယ်လ်ဗာဒီတို့လို လူငယ် ကစားသမားတွေနဲ့ ကွင်းလယ်ကို ပြန်တည်ဆောက်နေတဲ့ ရီးယဲလ်က ဘယ်လင်ဟမ်ကိုပါ ထပ်မံ အားဖြည့်သွားချင်နေတာပဲ ဖြစ်ပါတယ်။