MySport Myanmar

အိုင်ဗန် တိုနေးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ရီးယဲလ်ပါ ပါဝင်လာ

TEAMtalk အားကစား သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ ဘရန့်ဖို့ဒ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား အိုင်ဗန် တိုနေးကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းပါ ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူး တိုနေးဟာ လောင်းကစားပြစ်ဒဏ်တွေကြောင့် ဘောလုံးကစားခြင်းကနေ (၈)လအထိ ပွဲပယ်ထားခံရသူ ဖြစ်ပေမယ့်လည်း လာမယ့် ဇန်နဝါရီလထဲမှာပဲ သူရဲ့ ပွဲပယ်ပြစ်ဒဏ်က ပြန်လည် လွတ်မြောက်သွားတော့မှာ ဖြစ်ပါတယ်။

Photo Credit : Goal

တကယ်တော့ တိုနေးဟာ ဘောလုံး အရည်အသွေးကောင်းတွေ ပြည့်စုံနေပြီး ဂိုးသွင်းအားကောင်းတဲ့ ကစားသမား ဖြစ်သလို ၂၀၂၂-၂၃ ဘောလုံးရာသီတုန်းကလည်း ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး (၂၀)ထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ သူ့ကို ပရီးမီးယားလိဂ်က အာဆင်နယ် ချယ်လ်ဆီး မန်ယူနိုက်တက် နဲ့ စပါးအသင်းတို့တွေက ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဘရန့်ဖို့ဒ်ဘက်ကလည်း သူတို့ကစားသမားကို သက်တမ်း ထပ်တိုးနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။

Photo Credit : De Pases

တိုနေးကိုယ်တိုင်ကတော့ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သေချာဆုံးဖြတ်ရခြင်း မရှိသေးချိန်မှာပဲ သူ့ကို ပရီးမီးယားလိဂ်ပြင်ပက ရီးယဲလ်မက်ဒရစ်လို အသင်းကြီးတစ်သင်းကပါ စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပါတယ်။

လက်ရှိ ရီးယဲလ်အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အလွန်များပြားနေရပြီး အားထားရတဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ပါ ဒဏ်ရာရရှိနေတာဖြစ်လို့ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှု လုပ်ဆောင်သွားချင်နေတာကြောင့် ရီးယဲလ်အသင်း စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲ တိုနေးပါ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

Exit mobile version